နေပြည်တော် PDF (၈၀၁)တပ်ရင်း ရဲဘော်အများအပြား နှုတ်ထွက်စာတင်

(NUG)အကြမ်းဖက်အဖွဲ့ လက်အောက်ရှိ နေပြည်တော် PDF (၈၀၁)တပ်ရင်း ရဲဘော် အများအပြား နှုတ်ထွက်စာတင်ထားကြောင်း ရဲဘော်များက ပြောကြားသည်။

နေပြည်တော် PDF တပ်ရင်း (၈၀၁) ကရင်နီစစ်ဒေသရှိ တပ်ခွဲမှူး၊ စခန်းမှူး အပါအဝင် ရဲဘော် (၆၄)ဦးသည် ဧပြီလ (၁၀)ရက်နေ့တွင် အထက်အရာရှိများထံ နှုတ်ထွက်စာတင်ထားကြောင်း တပ်ခွဲမှူးတစ်ဦးက ပြောသည်။

” အဓိက က ရဲဘော်တွေ နှုတ်ထွက်ရတဲ့ရည်ရွယ်ချက်ကတော့ တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်ကြီး ကို ဆင့်ခေါ်စာလဲ မလာ ဘာမှ မလာပဲနဲ့ ခိုင်မာတဲ့အကြောင်းပြချက်လဲ မရှိ။ လုပ်ကြံဇာတ်လမ်းနဲ့ ကြက်ကလေး ငှက်ကလေးဖမ်းသလို ဖမ်းသွားတယ်။ ဒီဟာကိုကြည့်ခြင်းအားဖြင့် တပ်ရင်းမှူးတစ်ယောက်တောင် ဒီလိုလုပ်တယ်။ ငါလူကြီးပါ ငါလုပ်တိုင်းရတယ်ဆိုပြီး လုပ်နေရင် ကျန်တဲ့ရဲဘော်တွေမှာ မလုံခြုံနိုင်တော့တဲ့ အတွက်ကို နှုတ်ထွက်ကြတာပါ ” ဟု (၈၀၁)တပ်ရင်း တပ်ခွဲမှူးတစ်ဦးက ပြောကြားသည်။

နေပြည်တော် PDF (၈၀၁)တပ်ရင်းမှူး ရဲဘော်ကီနှင့် တပ်ရေးဗိုလ်ကြီးကို စစ်ဦးစီးအဖွဲ့က အထက်အရာရှိကို မထီမဲ့မြင်ပြုမှု၊ လက်နက်ကိုင် ချိန်းခြောက်မှု စွဲချက်များဖြင့် ဖမ်းဆီးပြီးနောက် ရဲဘော်များ ယခုလို နှုတ်ထွက်ရခြင်းဖြစ်သည်။

” တပ်ရင်းမှူးကို တခြား ကိစ္စတွေ အပြစ်ရှိရင် အရေးယူလို့ရတယ်။ ဒီလို ဖမ်းခေါ်သွားတဲ့ ကိစ္စမှာ ကျနော်တို့က အသိဆုံး သူတို့ ပြောသလို သေနတ်လဲ မောင်းမတင်ဘူး။ လက်နက်ကိုင်ပြီးလဲ မချိန်းခြောက်ဘူး။ ဒါက သက်သက် စွပ်စွဲချက်ပဲ ဖြစ်တယ် ” ဟု ၄င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ နေပြည်တော် PDF အဖွဲ့က ဗိုလ်လကျာ်ကို ကရင်နီလူထုအသံအနေဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အခြား (၈၀၁) တပ်ရင်း ရဲဘော်တစ်ဦးကလည်း ” ကျနော်က ရှင်းရှင်းလေးပါ။သူတို့ကအပြစ်မရှိတဲ့သူတစ်ယောက်(တပ်ရင်းမှူး)ကိုဖမ်းတယ်။အဲ့အတွက်ကြောင့်မလို့ ဆက်ပြီးတော့ တာဝန်မထမ်းဆောင်ချင်လို့ ” ဟု ဆိုသည်။

အဆိုပါ ပြဿနာ အစမှာ မတ်လ ၂၉ရက်နေ့တွင် ဟော့ပေါ့စားသောက်ဆိုင်တွင် စစ်ဦးစီးအဖွဲ့ဝင်တစ်ဦးနှင့် စစ်ဦးစီးချုပ်လုံခြုံရေးအဖွဲ့ဝင် ရဲဘော်သီဟတို့ ထိုးကြိတ်ရန်ဖြစ်ခဲ့ပြီးနောက် ရဲဘော်သီဟက ၈၀၁ တပ်ရင်းမှူးကို လာရောက်ခေါ်ဆိုရာ ရဲဘော်များဖြင့် သွားရောက်ချိန်တွင် စစ်ဦးစီးချုပ်နှင့် စကားများရန်ဖြစ်ခဲ့ကြောင်း ၈၀၁ ရဲဘော်များက ရှင်းပြသည်။

ထို့နောက် ဧပြီလ (၃)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် နေပြည်တော် PDF (၈၀၁)တပ်ရင်းမှူး ရဲဘော်ကီနှင့် တပ်ရေးဗိုလ် မိုးလင်းကို စစ်ဦးစီးအဖွဲ့နှင့် ရဲဘော် အင်အား (၁၀၀)ခန့်သည် MOD ညွှန်ကြားချက်ဖြင့် လက်ထိပ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး စခန်းရှိ လက်နက်ခဲယမ်းအပါအဝင် အိုးခွက်ပန်းကန်များပါ သိမ်းဆည်းသွားကြောင်း ရဲဘော်များက တူညီစွာ ပြောဆိုကြသည်။

လက်ရှိအချိန်တွင် (၈၀၁)တပ်ရင်းမှူးကို နေပြည်တော် PDF တပ်ရင်းတစ်ခုတွင် အကျယ်ချုပ်ချထားပြီး ကျန်ရှိနေသေးသည့် တာဝန်များကို ဒုတပ်ရင်းမှူးထံ ယာယီလွှဲအပ်တာဝန်ပေးထားကြောင်း ဗိုလ်လကျာ်က ယခင် အင်တာဗျူးတွင် ပြောကြားထားသည်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *