ယနေ့ ဧပြီလ ၁၇ ရက်နေ့ကနေ မနက်ဖြန် ၁၈ ရက်နေ့အထိ ထိုင်းခရီးစဥ်သွားရောက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီကနေ့မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်နဲ့ ဘန်ကောက်မြို့မှာရှိတဲ့ Rosewood Hotel မှာ တွေ့ဆုံလျှက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့မတွေ့ဆုံမီ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်နဲ့ အစိုးရအဖွဲ့ရုံးမှာတွေ့ဆုံခဲ့ပါသေးတယ်လို့ သိရပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်လည်း အဲဒီ Rosewood ဟိုတယ်မှာ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးနဲ့ မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး ဆွေးနွေပွဲမစတင်ခင်မှာ ငလျင်ကြောင့် ဆုံးပါးသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ခဲ့ကြသလို အဆိုပါ မြန်မာ့ငလျင်အရေးနဲ့ပတ်သက်ပြီးတော့ပဲ အဓိကထားဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။
အဲဒီလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတို့ တရားဝင်တွေ့ဆုံမှာကို အကြမ်းဖက်အုပ်စုဖြစ်တဲ့ NUG နဲ့ ဒီမိုကရေစီ/လူ့အခွင့်အရေးအမည်ခံ အကြမ်းဖက်ထောက်ခံသူအုပ်စုက ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက အပြင်းအထန် ကန့်ကွက်နေကြတဲ့ကြားကပဲ တရားဝင်အစိုးရနဲ့၊ တရားဝင်အဖွဲ့အစည်းတို့အကြား တွေ့ဆုံမှုဟာ ယခုလို အထမြောက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
mhtnews@myanmarhardtalk

