ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဆောင်နေသူတွေကို အားပေးကူညီသွားမယ်လို့ အမေရိကန်သံရုံးထုတ်ပြန်

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားရန် မိမိတို့ ဆက်လက်သန္နိဋ္ဌာန်ချထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဧပြီ (၁၃) ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့ထုတ်ပြန်ခဲ့သော်လည်း ❝မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများ❞ ဟူသည့်စကားရပ်သည် ရွေးကောက်ပွဲပြုလုပ်ရန် အင်တိုက်အားတိုက် ဆောင်ရွက်နေသော နစက နှင့် ရွေးကောက်ပွဲ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသော NUG အုပ်စုတို့အနက် မည်သည့်အဖွဲ့အစည်းကို ရည်ညွှန်းပြောဆိုခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြမထားပေ။

အဆိုပါ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် အမေရိကန်က ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသလို မြန်မာနှစ်သစ်ကူးသင်္ကြန်နှင့်ပတ်သက်၍လည်း သင်္ကြန်ဆိုသည်မှာ အတိတ်ကိုပြန်ပြောင်းဆင်ခြင်ပြီး ပိုမိုကောင်းမွန်သည့်အနာဂတ်ကို မျှော်လင့်ကြသည့် ကာလတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ယခုနှစ်တွင် မတ် ၂၈ ငလျင်အပြီး၌ ဝမ်းနည်းပူဆွေးမှုနှင့် ပျက်စီးဆုံးရှုံးမှုများတွေ့ကြုံခဲ့ကြရသည့် လူပေါင်းများစွာနှင့်အတူ မိမိတို့ တစ်ပေါင်းတစ်စည်းတည်း ရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ဆက်လက်၍ ခက်ခဲသောကာလအတွင်း မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက တစ်သားတည်းရပ်တည်နေကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ပေးအပ်ရာတွင် နိုင်ငံတကာအသိုက်အဝန်းနှင့် မိမိတို့ ဆက်လက်ပူးပေါင်းသွားမည်ဟု သံရုံးကဆိုထားပြီး ယခုကဲ့သို့ အခက်အခဲနှင့် ရင်ဆိုင်ရသည့်အခါ မြန်မာပြည်သူများ၏ သတ္တိနှင့် သဒ္ဓါတရားတို့မှာ ယခင်ထက်ပင် ပိုမိုထင်ရှားပေါ်လွင်လှသည်ဟုလည်း ဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *