ရန်ကုန်-မန္တလေးရထားလမ်းပေါ်ရှိ ဖြူး- တောင်ငူလမ်းပိုင်းတွင် လုံခြုံရေးစစ်ဆေးဆောင်ရွက်နေသည့် RGC-125 ရထားကို လက်နက်ကိုင် အကြမ်းဖက်အုပ်စုက ပဲခူးတိုင်းဒေသကြီး၊ ညောင်ခြေထောက်နှင့် ကျွဲပွဲဘူတာအကြားတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်တစ်ခု မတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ RGC-125 ရထားသည် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ဘူတာမှ နံနက် ၇ နာရီ ၃၆ မိနစ် ထွက်ခွာလာပြီးနောက် ညောင်ခြေထောက်နှင့် ကျွဲပွဲဘူတာအကြား မိုင် ၁၄၄/၁၀-၁၁ ခန့်အရောက် နံနက် ၇ နာရီ ၅၀ မိနစ်တွင် သံလမ်းအနောက်ဘက် ရန်ကုန်-မန္တလေးကားလမ်းဘက်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါပစ်ခတ်မှုကြောင့် စက်ခေါင်းမောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိခဲ့သော်လည်း RGC 125 စက်ခေါင်း၏ အနောက်ဖက်မှန်တစ်ချပ်ကွဲပြီး အနောက်ဖက်သံဘောင်တွင် ကျဉ်ထိမှန်ခဲ့ကြောင်း သိရသည်။
ထို့အတူ ယင်းနေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင်လည်း အဆိုပါ ညောင်ခြေထောက်ဘူတာနှင့် ကျွဲပွဲဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၄၄/၁၀-၁၁ နေရာရှိ အဆန်ရထားလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်ဟုဆိုသည်။
အဆိုပါ မိုင်းခွဲခံရမှုကြောင့် အဆန်လမ်းရှိ အနောက်ဘက်သံလမ်း (၁၀)ပေခန့် တွန့်ခေါက်သွားပြီး လမ်းခင်းကျောက်နှင့် ကွန်ကရစ်ဇလီဖားတုံးအချို့ ပျက်စီးခဲ့သဖြင့် လမ်းပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီအချိန်တွင် အပြီးဆောင်ရွက်နိုင်ခဲ့သည့်အတွက် ရထားများ ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၀)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း(၁၇၅)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၆) ကြိမ် ကျူးလွန်ခဲ့ကြကြောင်းလည်း သိရသည်။


