နေရာမှားပြီး ဗုံးကြဲမိခဲ့တဲ့ တောင်ကိုရီးယား တိုက်လေယာဉ်မှူး ၂ ဦးကို အရေးယူ

တောင်ကိုရီးယားလေတပ်ရဲ့ KF-16 တိုက်လေယာဉ်မှ တည်နေရာမှားယွင်းကာ အရပ်သားတွေနေတဲ့ ကျေးရွာပေါ်ကို မတော်တဆ ဗုံးကြဲမိခဲ့တဲ့ လေယာဉ်မှူး ၂ ဦးတို့ကို ပျံသန်းရေးတာဝန်ကနေ ရပ်စဲခဲ့ပြီး သူတို့ကို ထုတ်ပေးထားတဲ့ ပျံသန်းကျွမ်းကျင်အသိအမှတ်ပြုလက်မှတ်တွေကို ပြန်လည်သုံးသပ်ဖို့ စီစဉ်ထားတဲ့အပြင် စစ်ရေးစုံစမ်းစစ်ဆေးသူတွေကတော့ ဒီကနေ့ မတ်လ ၁၃ ရက်မှာ စွဲချက်တင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဥ်ဟာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်၊ ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လေသူရဲတွေဟာ လေယာဉ်စနစ်တွေအတွင်းကို သြဒိနိတ်တွေထည့်သွင်းတဲ့နေရာမှာ အမှားအယွင်းတွေဖြစ်ခဲ့တဲ့အတွက် ယခုလို မတော်တဆဗုံးကြဲမိခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက အတည်ပြုခဲ့တယ်လို့ ဝန်ကြီးဌာန မှုခင်းစုံစမ်းစစ်ဆေးရေးကွပ်ကဲမှုအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် အရပ်သားတွေပါဝင်တဲ့ လူပေါင်း ၂၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို နေအိမ်အများအပြားပါ ပျက်စီးခဲ့ရတာဖြစ်ပြီး ဒီပေါ့ဆမှုဟာ ရာဇ၀တ်မှုကျူးလွန်ရာရောက်တဲ့အတွက် စွဲချက်တင် အရေးယူးထားကြောင်း အဆိုပါအမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားချိန်မှာ လေ့ကျင့်ပျံသန်းနေတဲ့ တိုက်လေယာဉ်နှစ်စင်းဟာ လမ်းညွှန်စနစ်လုံလောက်မှုမရှိဘဲ ဝေဟင်ကနေ မြေပြင်ကို ဗုံး ၈ လုံးကို ကြဲချခဲ့တာဖြစ်တယ်လို့ သိရပြီး အဲဒီဗုံးတွေဟာ မြောက်ကိုရီးယားနဲ့ နယ်စပ်အနီးက ဖိုချွန်း (Pocheon) ကျွန်းပေါ်မှာရှိတဲ့ ကျေးရွာတစ်ရွာပေါ်ကို တိုက်ရိုက် ရောက်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *