ယူကရိန်းကပေးတဲ့ သင်ခန်းစာ

ယူကရိန်း သမ္မတ ဇလန်စကီးနဲ့ အမေရိကန်သမ္မတ ထရန့်တို့တွေ့ဆုံမှုကိုကြည့်ပြီး ကိုယ့်နိုင်ငံရဲ့ကံကြမ္မာကို ကိုယ့်နိုင်ငံသားတွေနဲ့ပဲ တည်ဆောင်ရမယ်ဆိုတဲ့ အတွေးက ပိုခိုင်မာလာတယ်။
ယူကရိန်နဲ့ ရုရှား စစ်ဖြစ်ပွားရတဲ့အကြောင်းအရင်းကို အားလုံးသိပြီးသားပဲဖြစ်မှာပါ။ စစ်ပွဲတွေ စဖြစ်တော့ အနောက်အုပ်စုနိုင်ငံတွေနဲ့ NATO အဖွဲ့တွေ ယူကရိန်ကို ငွေအား လူအား လက်နက်နဲ့ နည်းပညာပိုင်းတွေကို ပုံအောပြီး ထောက်ပံ့ခဲ့ကြတယ်။

အမေရိကန်သမ္မတဖြစ်တဲ့ ဘိုင်ဒန်ကလည်း ကွယ်ရာတစ်မျိုး ပေါ်တင်တစ်မျိုး ထောက်ပံ့မှုတွေလုပ်ခဲ့တယ်။ အခြားနိုင်ငံတွေ ဘယ်လိုပဲထောက်ပံ့တယ်ပဲပြောပြော ယူကရိန်းအနေနဲ့ ရုရှားကို နိုင်အောင်မတိုက်နိုင်တဲ့အပြင် စစ်ပွဲရဲ့ဆိုးကျိုးကို ကောင်းကောင်းခံစားရတာကတော့ ယူကရိန်းပြည်သူတွေပါပဲ။

ပြည်ပနိုင်ငံတွေရဲ့ သွေးထိုးမှုတွေအောက်မှာ ပါးနပ်မှုမရှိတဲ့ ယူကရိန်းသမ္မတကြောင့် ပြည်သူတွေ ဒုက္ခတွေရောက်ကြရတယ်။ အကယ်၍ သူသာပါးနပ်မှုရှိခဲ့မယ်ဆိုရင် ဘယ်နိုင်ငံမှ အောက်ကျို့တာတွေလုပ်နေစရာမလိုတဲ့အပြင် ယူကရိန်းပြည်သူတွေ လည်း စစ်ဒဏ်ခံရမှာမဟုတ်ဘူး…

အဲဒီလိုပဲ ကိုယ်တွေနိုင်ငံမှာလည်း ပြည်ပနိုင်ငံကြီးတွေရဲ့ကြိုးကိုင်ခြယ်လှယ်လိုမှု ကြောင့် ထောက်ပံ့မှုတွေပေးပြီး သွေးထိုးနေတာတွေကို စေတနာရှိလို့ပေးတယ်ထင်ပြီး တော်လှန်ရေးခေါင်းစဉ်တပ်ကာ ကိုယ့်နိုင်ငံကိုပြန်ပြီးဖျက်ဆီးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိနေသလို ထပ်ဆင့်အသုံးချခံ PDF တွေလည်းမှိုလိုပေါက်နေကြတယ်။

ကိုယ့်ပြည်တွင်းမှာဖြစ်တဲ့ ကိစ္စတွေကို ပြည်တွင်းမှာပဲ အေးအေးဆေးဆေး ဖြစ်ရှင်းလို့ရနေပါလျက်နဲ့ ပြည်ပနိုင်ငံတွေရဲ့ သွေးထိုးမှုတွေကို ယုံကြည်ပြီး လက်နက်ကိုင်လမ်းစဉ်ကိုရွေးကာ အကြမ်းဖက်မှုတွေကိုလုပ်ဆောင်နေတာကတော့ တော်တော်ညံ့ဖြင်းတဲ့ အတွေးအခေါ်လို့ပြောရမယ်။

ဒီလိုလက်နက်ကိုင်အကြမ်းဖက်မှုတွေကြောင့် အေးချမ်းတဲ့ ဒေသတွေမှာ စစ်ပွဲတွေဖြစ်နေကြသလို ပြည်သူတွေလည်း ထောင် သောင်းချီပြီး ဒုက္ခတွေရောက်ကြရတယ်။

မြင်သာတဲ့ ဥပမာနဲ့ ပြောရမယ်ဆိုရင် စစ်ကိုင်းတိုင်းပေါ့။ စစ်ကိုင်းတိုင်းဆိုတဲ့ အညာဒေသဟာ ရိုးသားကြတဲ့ တောသူ တောင်သားတွေပဲနေထိုင်ကြတာများပြီး သာသနာထွန်းကားရာဒေသလည်းဖြစ်တယ်။

ဒီလိုဒေသမှာရှိတဲ့ ပြည်သူတွေဟာ နိုင်ငံရေးမှိုင်းဆိုတဲ့ ပယောဂ ပူးကပ်လာမှုကြောင့် စိတ်အခြေအနေတွေပြောင်းလည်းကုန်ကြပြီး အေးချမ်းခြင်းကနေ ပူလောင်မှုကို ကူးပြောင်းသွားကြတယ်။ ဒီလိုအခြေအနေဖြစ်နေချိန်မှာ အခွင့်အခါကောင်းကို စောင့်နေတဲ့ KIA လို ပြည်ပဩဇာခံ လက်နက်ကိုင်အဖွဲ့ဟာ အညာဒေသ စစ်မီးတောက်အောင် လက်နက်တွေ တပ်ဆင်ပေးပြီး အရှိန်မြင့်ပေးလိုက်ပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းဒေသဟာ ယခုဆိုရင် စစ်မီးတောက်တွေကြောင့် ပြာပုံဘဝကိုရောက်သွားပြီ။ ဘေးပယောဂတွေ သွေးထိုးမှုတွေ ဘယ်လောက်ရှိရှိ ပြာပုံဘဝဖြစ်အောင်လုပ်တာဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေပဲ ပြန်ခံစားရတာပါ။ ဒီလိုတွေ လုပ်တဲ့သူတွေကိုကြည့်မယ်ဆိုရင်လည်း အညာဒေသက ဗမာတွေကပဲ ကိုယ့်ဒေသကို ပြန်ပြီးလုပ်နေတာကို စိတ်မကောင်းစရာတွေ့ရတယ်။ ဒီလိုတွေဖြစ်တော့ ကိုယ့်နိုင်ငံပဲ ထိခိုက်နစ်နာဆုံးရှုံးတယ်။ ဒီလိုတွေဖြစ်လို့ ပြည်ပနိုင်ငံက ထောက်ပံ့မှုတွေကို မမျှော်မှန်းနဲ့။ သူတို့အတွက်အကျိုးမရှိရင် ဘာထောက်ပံ့မှုမှ မပေးဘူးဆိုတာ ယူကရိန်းက သက်သေပါပဲ။

ဒါ့ကြောင့် ကိုယ့်နိုင်ငံရဲ့ ကောင်းခြင်းဆိုးခြင်းက ကိုယ့်နိုင်ငံသားတွေပေါ်မှာပဲ မူတည်တာဖြစ်တဲ့အတွက် ဆုံးရှုံးမှု ပျက်စီးမှုတွေကို ထပ်ပြီးမဖြစ်ရအောင် ဒီမှာပဲရပ်တန့်ကြပါတော့။

မြသွေး

Leave a Reply

Your email address will not be published. Required fields are marked *