စစ်သားတစ်ယောက်ရဲ့ ပါရမီဖြည့်ဖက်ဆိုတာ

ဒီဓာတ်ပုံလေးက မစွမ်းမသန် ဖြစ်သွားတဲ့ စစ်သည်တစ်ဦးနဲ့ လက်ချင်းချိတ်ထားတဲ့ သူ့ဇနီး အခမ်းအနားတစ်ခု တက်ခဲ့တဲ့ ပုံပါ။

ဒီဓာတ်ပုံလေးကို ကြည့်ပြီး ခေါင်းထဲ အတွေးတွေ တန်းစီသွားမိတယ်။ ပြောချင်တဲ့ စကားတွေလည်း တန်းစီသွားတယ်။

ရင်ထဲက စကားတွေကို စာနဲ့ စီ ရေးချလိုက်တာ အဓိက ‌အချက် (၂)ချက် ထွက်လာပါတယ်။

စစ် အကြောင်း မဟုတ်ဘူး၊ နိုင်ငံရေးအကြောင်း မဟုတ်ဘူး။ အဲဒါတွေက ပူလောင်တယ်၊ ရှုပ်ထွေးတယ် ကျွန်တော် မပြောချင်ဘူးခင်ဗျာ။

အချစ်အကြောင်း၊ မေတ္တာအကြောင်းပါ။

ဒီစစ်သည်ဟာ မျက်စိ ထိခိုက်ထားသူတစ်ဦး၊ (မျက်စိနှစ်ဖက်လုံး အလင်းကွယ်သွားတာလည်း ဖြစ်နိုင်ပါတယ်) သေချာကြည့်မိတော့မှ ဪ ….. သူ့ရဲ့ လက်နှစ်ဖက် မရှိတော့ဘူး… ပလတ်စတစ်နဲ့ လုပ်ထားတဲ့ လက်ကလေးတွေပါလား။ သူ့ကုတ်အင်္ကျီထဲက လက်မောင်းအထိ လား၊ လက်ဖျံအထိလား ဘယ်အထိ ထိခိုက်ထားသလဲ မသိပါဘူး။

ထားပါတော့။ စစ်အတွင်းမှာ ‌နေ့လား၊ ညလား၊ အခုလား၊ မနက်ဖြန်လား၊ ကိုယ်အင်္ဂါလား၊ အသက်လား တစ်ခုမဟုတ်တစ်ခု တစ်ချိန်မဟုတ်တစ်ချိန်မှာ ပျက်စီးနိုင်တာပဲ။

ပြောချင်တာက သူ့လက်မောင်းကို တွဲထားတဲ့ သူ့ ဇနီး ပဲခင်ဗျ။

ဒီလို ကာလကြီးမှာလေ…

သေမှာကြောက်လို့ လက်တွဲဖြုတ်သွားတဲ့ ချစ်သူစုံတွဲတွေ အများကြီးပဲဗျ။

ခေတ်ကောင်းတုန်းက မက်မက်မောမော ခေတ်မကောင်းတော့မှ ခြေစုံကန်တဲ့သူတွေလည်း ရှိပါတယ်။

လင်ယောင်္ကျားကို စွန့်ခွာပြီး လင်ယောင်္ကျားကွယ်ရာမှာ ကွဲသွားပါပြီ သတင်းဖြန့်၊ လင်ယောင်္ကျားအတင်းတုပ်တဲ့သူတွေလည်း ရှိတယ်။

လိုချင်တုန်းက မိန်းက‌လေးဘက်က စ တင်တောင်းမတတ် ၊ ခေတ်မကောင်းတော့မှ ရာသက်ပန်နောင်တကြီး ပိုင်ဆိုင်သွားရရှာတဲ့ သမီးရှင်တွေလည်း မနည်းမနောပါပဲ။

သေရင် ကိုယ့်နောက်မပါတဲ့ ပကာသနတွေနဲ့ မောက်မာပြီး ဆင်းရဲတဲ့လင်ယောင်္ကျားကို နှိမ်ချင်တဲ့ မိန်းမတွေလည်း ရှိတယ်ဗျ။

ဟော….

‌သည် အမျိုးသမီးဗျာ…

သူ ဖက်တွယ်ထားတဲ့ လက်မောင်းလေးဟာ ပကတိ အသားစိုင်မှ ရှိသေးရဲ့လား၊ သွေးလေ ကင်းမဲ့ ပလတ်စတစ်များ ဖြစ်နေသလား။ အမြင်အာရုံ ချို့ယွင်းနေတဲ့ ချစ်ရသူခင်ပွန်းရဲ့ ဝေယျာဝေစ္စအတွက် ဘယ်လောက် ခက်ခဲလိုက်မလဲဗျာ။

ဒါပေမဲ့လေ…သူမရဲ့ မျက်ဝန်းကို ကြည့်ပါဦး…… သိမ်ငယ်မှု နတ္ထိ၊ ယုံကြည်မှုအပြည့် ပဲနော်။

သူမ ဖက်တွယ်ထားတာ သူ့ခင်ပွန်းရဲ့ လက်မောင်း မှ မဟုတ်ဘဲဗျ။ သူတို့ လက်ချင်းချိတ်ထားကြတာမှ မဟုတ်တာ။ နှလုံးသားချင်း ချိတ်ထားကြတာဗျ။

အမရာ တွေ ကိန္နရီ တွေ မဒ္ဒီ သမ္ဗူလ တွေ စာအုပ်ထဲ ခဏ ထားခဲ့ပါရ‌စေ ….

… ဒါ “မိန်းမကောင်း” ဗျ။ Disabled ဖြစ်သွားတဲ့ ခင်ပွန်းနားမှာ မခွဲမခွာ ရှိနေမဲ့ မိန်းမကောင်း… အေးရင်လည်း အတူ၊ ပူရင်လည်း မျှဝေခံစားမဲ့ မိန်းမကောင်း…

ဒီမြင်ကွင်း အရမ်းလှတယ်။

လေးစားပါတယ်…ဂုဏ်ပြုပါတယ်…

ဘာကြောင့်လဲ…ချစ်ခြင်းမေတ္တာကြောင့်ပဲ..🤍

ချစ်ခြင်းမေတ္တာ နဲ့ အခြေမခံဘဲ ပကာသနတွေ၊ ဂုဏ်ဒြပ်တွေနဲ့ ဘဝကို တည်ဆောက်လို့ မရပါဘူး၊ မမြဲဘူး။

“နောက်တော့ ချစ်သွားမှာပါ” ဆိုတာ သီချင်းထဲမှာပဲ ရှိတယ်။ Relationship တစ်ခုမှာ ချစ်ခြင်းမေတ္တာက အခြေခံပဲ။ ဒါမပါရင် ကြာရှည်မခံဘူး၊ ကြာရှည်ခဲ့ရင်လည်း စိတ်ဆင်းရဲစရာကောင်းလိမ့်မယ်။ ရန်သူမျိုး ၅ ပါးထဲက မချစ်မနှစ်သက်သူ ဆိုတဲ့ နောက်ဆုံးအပါးနဲ့ အတူနေရတာ ဘယ့်နှယ် စိတ်ချမ်းသာလိမ့်မလဲ။

မေတ္တာကို အခြေခံနိုင်ကြပါစေဗျာ…

ရွှေမှုန်ကြဲ အချစ်တုတွေနဲ့ မျိုးစေ့မမှန်တဲ့ Relationship တစ်ခုကို တည်ဆောက်မိပြီးသား ဖြစ်နေပြီး အမြစ်တွယ်နေလို့ နှုတ်လို့မလွယ်တော့ဘူးဆိုရင် တော့ဖြင့်… “အတ္တာဟိ အတ္တနော နာထော….ဗုဒ္ဓမြတ်စွာရဲ့ ထုံး နှလုံးမူရမယ်”

ပြောချင်တာက နှစ်ခုပါ။ တစ်ခုတည်းနဲ့ အတော်ရှည်လျားနေပြီမို့ နောက်တစ်ပို့စ် သပ်သပ် ခွဲလိုက်ပါရစေတော့။

credit

Leave a Reply

Your email address will not be published. Required fields are marked *