ယနေ့ဖွင့်တဲ့စည်ရှည်တံတားအကြောင်း

မန္တလေးရတနာပုံ နန်းမြို့တော်၏ တံခါး(၁၂)ရပ်အနက် အနောက်ဘက်မျက်နှာ၌ ကြေးမုံအမည်ရှိ တံခါးတစ်ပေါက်ရှိသည်။ ထိုတံခါးသည် မလွယ်ပေါက် မိတ်တံခါးဖြစ်၍ ဘုံ ၅ဆင့် ပြဿာဒ် ပါဝင်သည်။ ထိုကြေးမုံတံခါးကို အများစုက ခေါ်ဝေါ်နေသည်မှာ ‘အာဠဝီတံခါး’ ဟူ၍ ဖြစ်သည်။

ထိုတံခါးနှင့် တည့်တည့်တွင် ရှိသောလမ်း(မန္တလေး ၂၂လမ်း)ကိုလည်း အာဠဝီလမ်းဟုပင် အလွယ်ခေါ်ဝေါ် ကြ၏။ ကိုလိုနီခေတ်က စီလမ်းဟု သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာအမည် ပင်းယလမ်းဟု ပြောင်းလဲခဲ့ကြသည်။

ထိုပင်းယလမ်းသည် ရတနာပုံခေတ်တွင် အာဠဝီလမ်းဖြစ်ခဲ့၍ နန်းမြို့တွင်းမှ လူသေအလောင်းများကို ကြေးမုံတံခါးမှ ထုတ်၍ ဤလမ်းမှပင် သင်္ချိုင်းသို့ ဆောင်ယူသွားတတ်၏။ ရှေးလူကြီးသူမအချို့က ထိုလမ်းကို သင်္ချိုင်းတော်လမ်းဟုလည်း ခေါ်ခဲ့ကြသည်။ သို့သော် မြန်မာတို့နှုတ်တွင် ထိုနာမည်က တွင်ကျယ်ခြင်း မရှိခဲ့ပေ။

ဤတွင် အာဠဝီဟူသော ဝေါဟာရဇစ်မြစ်ကို ရှင်းလင်းချင်ပါသည်။ ရှေးယခင်က မိုးညှင်း၊ မိုးကောင်း၊ မိုးတား၊ မိုးစစ်စသည့် ရှမ်းစော်ဘွားတို့၏နေရာတဝိုက်ကို အိန္ဒိယနိုင်ငံမှ အာဠဝီပြည်ကို အတုယူ၍ အာဠဝီတိုင်းဟု ခေါ်တွင်စေခဲ့ပါသည်။

၁၁၄၄ ခု တွင် ဘိုးတော်ဘုရား ဗဒုံမင်းက အမရပူရမြို့တော်တည်သောအခါ နန်းမြို့တော် အနောက်မျက်နှာရှိ တောင်မိတ်တံခါးကို ယောက္ခမတော် မိုးကောင်းစော်ဘွားက တာဝန်ယူဆောက်လုပ်ခဲ့၏။ ထို့ကြောင့် ထိုတံခါးကို စော်ဘွားကြီး၏ နေရပ်ဌာနကို အစွဲပြု၍ အာဠဝီတံခါးဟု သမုတ်ကာ မော်ကွန်းတိုင် စိုက်ထူ ခဲ့သည်။

မင်းတုန်းမင်းနန်းတက်သည့်အခါ အမရပူရမြို့တော်ကို စွန့်လွှတ်၍ ၁၂၂၁ ခုတွင် ရတနာပုံမြို့တော်ကို တည်ထောင်ပါသည်။ ထိုအခါ အနောက်ဘက်မြို့ရိုး၏ တောင်စွန်တံခါးကို ကြေးမုံတံခါးဟု အမည်ပေး၍ မော်ကွန်းကျောက်စာ ရေးထိုးခဲ့သည်။

ကြေးမုံတံခါးဆိုသည်မှာ လူသေအလောင်းများကို ထုတ်ယူသွားပါက မြင်သည့်လူများသည် မရဏနုဿတိ ကမ္မဋ္ဌာန်းကို မှန်ကြေးမုံပြင်ကဲ့သို့ အာရုံပြုနိုင်ရန် ရည်ရွယ်၍ ကြေးမုံတံခါးဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် အမရပူရမှ ပြောင်းရွှေ့လာသူများက ယခင်ခေါ်ဝေါ်ခဲ့ကြသည့် အမရပူရမှ တံခါးအမည်ကိုသာ ဆက်လက်ခေါ်ဝေါ်ကြသဖြင့် အာဠဝီတံခါးဟုပင် အမည်တွင်နေခဲ့သည်။ လမ်းကိုလည်း အာဠဝီလမ်းဟုပင် အလွယ်မှတ်သားလိုက်ကြ၏။

အာဠဝီလမ်း နံဘေး၌ မင်းညီမင်းသားများ ပညာသင်ခဲ့ကြသည့် ဒိုင်အိုသံတဲကျောင်း ရှိသည်။ ထိုကျောင်းကြီးကို ၁၂၃၁ခု နတ်တော်လပြည့်ကျော် ၁၁ရက်(၄ဇွန်၁၈၆၉)တွင် ဆောက်လုပ်ပြီးစီးသည်။

ကျောင်းထိပ်တွင် ရွှေတချောင်းမြောင်းကူး တံတားတစ်စင်းရှိသည်။ တံတားနှင့် တစ်ဆက်တည်း အုတ်တံတားရှည်ကြီးကိုလည်း သင်္ချိုင်းတော်တံတားဟု ခေါ်ကြသေးသည်။ ထိုတံတားများနှင့်အတူ ဇရပ်ကြီးများကို လှေသင်းအတွင်းဝန် ဦးရွှေမောင်က ဆောက်လုပ်ခဲ့၏။ မှတ်တမ်းအဖြစ် အာဠဝီလမ်း ပေါ်တွင် ကျောက်စာတစ်မျက်နှာ တစ်တိုင် စိုက်ထူခဲ့သည်။ ယခုအခါ ဇရပ်ကြီးများနှင့် သင်္ချိုင်းတော်လည်း မရှိတော့ချေ။

ရတနာပုံခေတ်တွင် အာဠဝီလမ်းသည် မင်းညီမင်းသားများ နောက်ပါအခြွေအရံများနှင့် ကျောင်းတက် ကျောင်းဆင်းလုပ်ခဲ့ကြသည်။

ကိုလိုနီခေတ်ရောက်သောအခါ ဂီတစာဆို ရွှေတိုင်ညွန့်က ”သမ္ဘာအလီလီ တအားယုတ်စေဖို့.. အာဠဝီတံခါးမုခ်က ရာဇသမုတ်တိကို ဆောင်သည်..မဟာမြတ်မုနိကိုတောင် ဖူးမြော်ချင်လျက် ကယ်နဲ့..ဦးတော်မတင်ရ ရှာလေပြီ..” ဟု သီပေါမင်းကို အာဠဝီတံခါးမှ ထုတ်၍ ခေါ်ဆောင်သွားသည့်ဟန် သီချင်းစပ်ဆိုခဲ့ပါသည်။

တချို့ မသိသူများက အင်္ဂလိပ်များသည် အသုဘချသည့် အမင်္ဂလာတံခါးမှ သီပေါမင်းနှင့် စုဖုရားလတ်တို့ကို တမင်ခေါ်ဆောင်သွားသည်ဟု သမိုင်းစာအုပ်အမျိုးမျိုးတွင် ရေးသားကြပါသည်။

အမှန်မှာ အရှင်နှစ်ပါး ပါတော်မူစဉ်က ထွက်ခဲ့သည်မှာ ကျော်မိုးတံခါးသာ ဖြစ်လေသည်။ ကျော်မိုးတံခါး အနီးတွင် မင်္ဂလာစျေး တည်ရှိသောကြောင့် ထိုတံခါးကို မင်္ဂလာတံခါးဟုလည်း ခေါ်ကြသေးသည်။ ထိုစဉ်က အင်္ဂလိပ်တို့သည် သီပေါမင်းကို မြန်မာပြည်မှ အမြန်ခေါ်ဆောင်ရန်အတွက်သာ အရေးကြီးနေ၏။ တမင် ဣန္ဒြေသိက္ခာ ပျက်ယွင်းအောင်လုပ်မည့် အစီအစဉ်များကို စဥ်းစားနေရန် အချိန်မရှိ။ အာဠဝီတံခါးမှ ခေါ်ထုတ်ခဲ့လျှင် မှူးမတ်များကလည်း လက်ခံမည် မဟုတ်ချေ။

အင်္ဂလိပ်တို့ အလွန်ခေါ်ထုတ်ချင်ဇောကြောင့် ရုတ်တရက် ဝေါတော်၊ ဆင်တော်များ မစီစဉ်ခဲ့မိ။ ထို့ကြောင့် ဗိုလ်ချုပ်ပရင်ဒါဂတ်စ်က ထမ်းစင်ဖြင့် သူရိယသင်္ဘောသို့ အတင်းခေါ်ချမည် လုပ်၏။ ထိုအခါ ရုပ်ပျက် ဆင်းပျက် မဖြစ်အောင် အနီးရှိ တရုတ်ကတ်ဗီရိုလှည်းနှစ်စီးဖြင့် ဂေါဝိန်ဆိပ်သို့ ဆင်းရန် စီစဉ်လိုက်ရ၏။

ပထမလှည်းတွင် နန်းကျဘုရင် သီပေါမင်းနှင့် စုဖုရားလတ်တို့ စီးနင်းလိုက်ပါပြီး ဒုတိယလှည်းတွင် ဆင်ဖြူမရှင် မိဖုရားကြီးတို့သားအမိသုံးပါးနှင့် သမီးတော်လေးနှစ်ပါး လိုက်ပါခဲ့သည်။

သူ့ကျွန်မခံပြီ ရုပ်ရှင်ကားတွင် သီပေါမင်းတို့လှည်းတွင် သမီးတော်လေးနှစ်ပါး လိုက်ပါလာပုံကို မှားယွင်းစွာ ရိုက်ကူးခဲ့၏။အမှန်စင်စစ် အရှင်နှစ်ပါးသာ သီးသန့် စီးနင်းခဲ့ခြင်း ဖြစ်သည်။

ကျမ်းကိုး
ကုန်းဘောင်ရှင်းတမ်း /မောင်သန်းဆွေ(ထားဝယ်

Leave a Reply

Your email address will not be published. Required fields are marked *