မင်္ဂလာရှိသော နေ့သစ်လေးဖြစ်ပါစေ

မြတ်စွာဘုရားရဲ့ စကားတစ်ခွန်းဟာ အလွန်တန်ဖိုးရှိတယ်။

“အတ္တာဟိ အတ္တနော နာထော”
မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာလို့ တခြားလူ ကိုးကွယ်ရာ မဟုတ်ဘူး။

အရာခပ်သိမ်းမှာ ကိုယ့်ကိုယ်ကို အားကိုးရမယ်။

ကိုယ့်အစွမ်းအစကို ကိုယ်ယုံကြည်ပြီးတော့ ကိုယ်တိုင်လုပ်ကိုင် ဆောင်ရွက်ရမယ်ဆိုတာ
သဘောပေါက် နားလည်ရမယ်။

မိမိသည်သာ ကိုးကွယ်ရာ ဆိုတာ ကိုယ်ရဲ့ဆန္ဒ၊ကိုယ်ရဲ့လုံ့လဝီရိယ၊ကိုယ်ရဲ့အသိဉာဏ်ကို တန်ဖိုးထားပြီး…

ဆန္ဒဖြင့် မျှော်လင့်လို့၊လုံ့လဝီရိယဖြင့် မရရ အောင်ကြိုးစားပြီး ၊အသိဉာဏ်ဖြင့်
မှန်ကန်တဲ့ နည်းလမ်းတွေကို ရှာဖွေအားထုတ်ရမယ်။

ဒါဟာ လက်တွေ့ အင်မတန်ကျတဲ့ ကျင့်စဉ် တစ်ခုကို မြတ်စွာဘုရားက ဖော်ထုတ်ထားတာ။

အဲတော့ မေးစရာတစ်ခုရှိလာတယ်။

“အတ္တာ ဟိ အတ္တနော နာထော”
မိမိသည်သာလျှင် မိမိ၏ ကိုးကိုယ်ရာလို့ မြတ်စွာဘုရားက ဒီအတိုင်းဟောထားတာ ဟုတ်ပြီ။

“ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ”
ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

“ဓမ်မံ သရဏံ ဂစ်ဆာမိ”
တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

“သံဃံ သရဏံ ဂစ်ဆာမိ”
သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

ဆိုတဲ့စကားနဲ့ မဆန့်ကျင်နေဘူးလားလို့ မေးကောင်း မေးကြလိမ့်မယ်။

မိမိကိုယ်ကို အားကိုးခြင်း၊
ဘုရားကို အားကိုးခြင်းဆိုတာ
အတိုင်းအတာ အကန့်အသတ်ခြင်း မတူဘူး။

မြတ်စွာဘုရားကို အားကိုးတာ
ဘယ်အဆင့်နဲ့ အားကိုးတာလဲဆိုတော့ အမှန်တရားကို သိဖို့အတွက် အားကိုးတာ။

မြတ်စွာဘုရားက
ကယ်တင်မှာလဲ မဟုတ်ဘူး၊
‘မ’ မှာလဲ မဟုတ်ဘူး။
သို့သော် ဘုရားက လမ်းပြပေးတယ်။

လောကမှာ သွားရမယ့် လမ်းကို
မသိရင် အင်မတန်မှ ဒုက္ခရောက်တယ်။လမ်းမှားတတ်တယ်၊လမ်းလွဲတတ်တယ်၊အယူလွဲတတ်တယ်။ ပြဿနာကြီးတယ်။

အဲတော့ သွားရမယ့်လမ်းကို
ပြနိုင်တဲ့ ပုဂ္ဂိုလ်ဟာ အင်မတန်မှ
အရေးကြီးတာ ပေ့ါ။

မြတ်စွာဘုရားကို အားကိုးပါတယ်ဆိုတာ မြတ်စွာဘုရားက လုပ်သင့်တာနဲ့ မလုပ်သင့် တာကို ခွဲခြားဟောပြီး …

မလုပ်သင့်တာတွေကို ရှောင်ရမယ်၊ လုပ်သင့် တာတွေကို လုပ်ရမယ်လို့ အတိုင်းအတာတစ်ခု အနေနဲ့ သတ္တဝါတွေကို
ဆုံးမသြဝါဒ ပေးထားတယ်။

အဲဒီ ဆုံးမသြဝါဒကို လိုက်နာကျင့်သုံးဖို့ ကိုယ့်ကလုပ်ရမယ်၊ ဒီလိုဆိုလိုတာပေ့ါ။

ဘုရားရဲ့ ဘုန်းတန်ခိုးတွေကို မှီပြီး ၊မြတ်စွာဘုရားက အရာရာကို လုပ်ပေးလိမ့်မယ်၊လုပ်ပေးနိုင်တယ်လို့ တမျှော်မျှော်၊တခေါ်ခေါ် နေရမယ့် ကိစ္စမျိုး မဟုတ်ဘူး။

ဘုရားက ဒါလုပ်။ဒါမလုပ်နဲ့။
ဒါမလုပ်နဲ့ ဆိုတာကို ရှောင်ပြီးတော့၊
ဒါလုပ်ဆိုတာကို လုပ်ဖို့ ဟောတာ။

မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း တို့တစ်တွေ ကျင့်သုံးနေထိုင်ကြတာ။

ဒါ “အတ္တာ ဟိ အတ္တနော နာထော” ပဲ။ မိမိသည်သာ ကိုးကွယ်ရာပဲ။

ဒီ့ထက်ရှင်းတဲ့ ဥပမာတစ်ခု ပြောရမယ်ဆိုရင်
လူတွေဟာ နေမကောင်းထိုင်မသာ ဖြစ်တဲ့အခါ ဆရာ၀န်ဆီကိုသွားကြတယ်။

ဆရာ၀န်ဆီ ဘာအတွက် သွားတာလဲဆိုရင် ၊ဘာရောဂါလဲဆိုတာသိဖို့နဲ့ ဘာကြောင့် ဒီရောဂါ ဖြစ်တာလဲဆိုတာ သိဖို့။
ဒီရောဂါ ဖြစ်လာလို့ရှိရင် ဘယ်ဆေးကို သောက်၊ဘယ်လိုကုရင်ပျောက်မလဲ။ ဒါသိဖို့ သွားတာ။

အဲတော့ ဆရာ၀န်ချည်းပဲ ရောဂါပျောက်အာင် လုပ်ပေးနိုင်သလားဆိုရင် မလုပ်ပေးနိုင်ဘူး။

ကိုယ်ကိုယ်တိုင်က ဘာမှမလုပ်ပဲနဲ့ ဆရာဝန်ဖက်ကလည်း ဘာမှလုပ်မပေးနိုင်ဘူးဆိုတာ သိနိုင်တယ်။
ဘာဖြစ်လို့လဲ ဆိုတော့ဆရာ၀န်က ဆေးထိုးပေးရင် ပေးမယ်၊သောက်ဆေး ပေးရင်ပေးမယ်။

လူနာကိုယ်တိုင်ကိုယ်က ဆေးသောက်ရမယ်။ဆရာဝန် ညွှန်ကြားတဲ့အတိုင်း မိမိကိုယ်တိုင်က လိုက်နာရမယ်။
အဲဒီကတည်းက ကိုယ်တိုင်လုပ်မှရတဲ့ဟာတွေ။

ဆရာ၀န်ဆီ သွားတာဟာ ဒီရောဂါတွက် ဘာဆေးသောက်ရမလဲ၊ဘယ်လို ကုသလိုက်နာ နေထိုင်ရမလဲဆိုတာ သိဖို့သွားတာ။

ဆရာဝန်ညွှန်ကြား၊ကုသတဲ့အတိုင်း လိုက်နာမှ ရောဂါပျောက်မယ်။ ဒီလို ဆိုလို တာ။
ရှင်းပြီလား။

ဒါ လက်တွေ့ပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Leave a Reply

Your email address will not be published. Required fields are marked *