ဆေးလတ်မှတ်အတုနဲ့ အလုပ်လျှောက်ထားနိုင်ရန် ဆောင်ရွက်ပေးခဲ့သူများအား ဖမ်းဆီးရမိ

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် အစိုးရ၏ပညာရေးစနစ်ကို ပျက်ပြားစေရန်ရည်ရွယ်၍ တရားမဝင် NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ်အတုများပြုလုပ်ကာ ပြည်ပတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်သည်ဟု မက်လုံးများပေးပြီး လိမ်လည်ဆောင်ရွက်လျက် ရှိသဖြင့် ယုံမှားခဲ့သည့် ကျောင်းသား/ကျောင်းသူများသည် ပြည်ပတက္ကသိုလ်များ၌ ပညာသင်ကြားရန် လျှောက်ထားရာတွင် တရားဝင်မှုမရှိသောကြောင့် သက်ဆိုင်ရာတက္ကသိုလ်များမှ လက်မခံသည့်အတွက် ကျောင်းတက်ရောက်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ဆေးတက္ကသိုလ်(မန္တလေး)မှ Final Part II အား ၆-၁-၂၀၂၂ ရက်၊ ၈-၂-၂၀၂၂ ရက်၊ ၁၆-၁-၂၀၂၃ ရက်တို့တွင် သင်တန်းဖွင့်လှစ်ခဲ့သော်လည်း ၃ ကြိမ် သတင်းပို့တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး စည်းကမ်းဖောက်ဖျက်ခဲ့သူ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ ဆုပြည့်မျိုးသွက်နှင့် ၈-၂-၂၀၂၂ ရက်၊ ၁၆-၁-၂၀၂၃ ရက်၊ ၆-၅-၂၀၂၄ ရက်တို့တွင် သင်တန်း ဖွင့်လှစ်ခဲ့သော်လည်း ၃ ကြိမ် သတင်းပို့တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး စည်းကမ်းဖောက်ဖျက်ခဲ့သူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နေ သဉ္ဇာထက် တို့ ၂ ဦးအား ဆေးတက္ကသိုလ်(မန္တလေး)မှ ထုတ်ပယ်ထားခဲ့ကြောင်း သိရှိရသည်။

၎င်းတို့ ၂ ဦးသည် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့ လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီနာယက သစ္စာမဲ့ဝန်ထမ်း (Disloyalty Civil Servant-DCS)ဖြစ်သူ ခင်မောင်လွင် (ဆေးတက္ကသိုလ်-မန္တလေး၊ပါမောက္ခချုပ်ဟောင်း)မှ တရားမဝင်ထုတ်ပေးခဲ့သည့် ယာယီဆေးပညာဘွဲ့လက်မှတ်အတုတို့ဖြင့် ထိုင်းနိုင်ငံ၊ Chulalongkorn တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိရေးအတွက် တရားမဝင်လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် ထိုင်းနိုင်ငံ၊ Chulalongkorn တက္ကသိုလ်မှ အဆိုပါကျောင်းသူ ၂ ဦး၏ တက္ကသိုလ်တက်ရောက်ခွင့် လျှောက်ထားမှုနှင့်ပတ်သက်၍ သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်များအား အတည်ပြုပေးနိုင်ရန် မြန်မာနိုင်ငံရှိဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားလာခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၀ ရက်တွင် အဆိုပါယာယီဆေးပညာဘွဲ့လက်မှတ်အား စစ်ဆေးအတည်ပြု ခဲ့ရာ ဆေးတက္ကသိုလ်(မန္တလေး)မှ ထုတ်ပေးထားသော ဘွဲ့လက်မှတ်များမဟုတ်ဘဲ ဘွဲ့လက်မှတ်အတုများဖြစ်၍ တရားမဝင်ကြောင်း ပြန်လည်အကြောင်းကြားခဲ့သည့်အတွက် Chulalongkorn တက္ကသိုလ်မှ ၎င်းတို့ ၂ ဦးအား တက္ကသိုလ်တက်ရောက်ခွင့် လက်မခံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ယာယီဆေးပညာဘွဲ့လက်မှတ်အတုများအား ပြုလုပ်ပေးသူ ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၃၅)လမ်း၊ တိုက်အမှတ်(၃၅)၊ တတိယထပ်တွင် ရုံးခန်းဖွင့်လှစ် ထားသည့် သိဏ်းချမ်း(ခ)သိန်းဝင်း(B.A; H.G.P;R.L;) Notary Public မှ တရားမဝင် Notary (သက်သေခံချက်) ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည့်အတွက် နိုဝင်ဘာလ ၂၁ ရက်တွင် တရားမဝင် Notary(သက်သေခံချက်)ပြုလုပ်ပေးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်နေ တရားခံ သိဏ်းချမ်း(ခ)သိန်းဝင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ တရားခံ သက်ထက်ဦး(ခ)ဝင်းထက်မြတ်တို့ ၂ ဦးအား ၎င်းတို့ရုံးခန်း၌ စာရွက်စာတမ်းများ အတုပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ထို့အပြင် တရားခံ သိဏ်းချမ်း(ခ)သိန်းဝင်း၏ ထွက်ဆိုချက်အရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့ လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီ ဆေးပညာဘွဲ့လက်မှတ်အတုအား ဘာသာပြန်ပေးခဲ့သည့် ကျောက်တံတားမြို့နယ်ရှိ M2 နိုတြီ ဘာသာပြန်ဆိုင်မှ ဆိုင်ပိုင်ရှင်ဖြစ်သူ မြတ်မင်းသူ အား သက်သေခံပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ပါသည်။

သို့ဖြစ်ပါ၍ တရားမဝင်ယာယီဆေးပညာဘွဲ့လက်မှတ်အတု ထုတ်ပေးခဲ့သည့် တရားမဝင် ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီနာယက သစ္စာမဲ့ဝန်ထမ်း(Disloyalty Civil Servant-DCS)ဖြစ်သူ ခင်မောင်လွင်(ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်ဟောင်း)၊ တရားမဝင် ယာယီဆေးပညာဘွဲ့လက်မှတ်အတုတို့ဖြင့် ထိုင်းနိုင်ငံ၊ Chulalongkorn တက္ကသိုလ်သို့တက်ရောက် ခွင့်ရရှိရေးအတွက် လျှောက်ထားခဲ့သူ ဆုပြည့်မျိုးသွက်နှင့် သဉ္ဇာထက်တို့ ၂ ဦးအား Black List (အမည်မည်းစာရင်း)ကြေညာ၍ ဖော်ထုတ်ဖမ်းဆီးကာ တရားဥပဒေနှင့်အညီထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင် ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီမှ ထုတ်ပေးခဲ့သည့် ယာယီဆေးပညာဘွဲ့ လက်မှတ်အတုတို့အား Notary(သက်သေခံချက်) ပြုလုပ်ပေးခဲ့သည့် ဖမ်းဆီးရမိတရားခံသိဏ်းချမ်း (ခ)သိန်းဝင်း၊ သက်ထက်ဦး(ခ)ဝင်းထက်မြတ်နှင့် မြတ်မင်းသူတို့ ၃ ဦးနှင့်အတူ ပါဝင်ပတ်သက် သူများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *