ယူနက်စကိုရဲ့ ပဏာမစာရင်းမှာ ပါဝင်လာတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်

ယူနက်စကို (UNESCO) ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် တင်သွင်းထားတဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အဆိုပြုစာတွဲနဲ့ ပတ်သက်ပြီး မြန်မာ့ရိုးရာအတာသင်္ကြန်က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် ယူနက်စကိုရဲ့ ပဏာမစာရင်းမှာ ပါဝင်လာတယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပပြုလုပ်မယ့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ မြန်မာနိုင်ငံက တင်သွင်းထားတဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲနဲ့ ပတ်သက်ပြီး တရားဝင်ဆုံးဖြတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“မြန်မာ့ရိုးရာအတာသင်္ကြန် မြန်မာနိုင်ငံအတွက် ပထမဆုံး ဒြပ်မဲ့ယဉ်ကျေးမှု ယူနက်စကိုပဏာမစာရင်းတွင် ပါဝင်လာသည့်အတွက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုရရှိဖို့ရာသေချာသလောက်ရှိသွားပါပြီ”လို့လည်း သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ဦးကလည်း လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

တင်ပြထားကြတဲ့ အဆိုပြုစာတွဲ‌တွေအနက် ယူနက်စကိုရဲ့ ပဏာမအဆုံးအဖြတ်မှာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်မယ့်အဆိုပြုစာတွဲ‌ တွေထဲ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်စာတွဲပါဝင်လျက်ရှိ‌ကြောင်းလည်း ယူနက်စကို Website မှာ တွေ့ရှိရတာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လမှာ မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲ‌ တော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအဖြစ် ယူနက်စကိုကို သတ်မှတ်ပေးဖို့ တင်ပြထားတာဖြစ်ပြီး ထိုင်းနိုင်ငံက မဟာဆုန်ကရန်လို့ခေါ်တဲ့ သင်္ကြန်ပွဲကိုတော့ ယူနက်စကိုက အသိအမှတ်ပြုထားပြီးပြီ ဖြစ်ပါတယ်။ ဒါကြောင့် မနှစ်က ထိုင်းနိုင်ငံမှာ မဟာဆုန်ကရန်ပွဲတော်ကို ဧပြီ ၁၁ ရက်ကနေ ၁၅ ရက်အထိ ငါးရက်သတ်မှတ်ဆင်နွှဲခဲ့ပါတယ်။
#MT #mtnews