သီတင်းကျွတ်ကာလအတွင်း ပုံမှန်ရထားများအပြင် အထူးရထားခရီးစဉ်များကိုပါ ပြေးဆွဲပေးမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် သီတင်းကျွတ်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-ပြည်-ရန်ကုန် နှင့် ရန်ကုန် – မော်လမြိုင် – ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများကိုပါ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုးချဲ့ပြေးဆွဲပေးသွားမည့် ခရီးစဥ်များအဖြစ် အောက်တိုဘာ ၁၅ ရက်တွင် ရန်ကုန်မှ ပြည်သို့ ပြေးဆွဲမည့် အဆန်အထူးရထားသည် မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ ရန်ကုန်မှ မော်လမြိုင်သို့ ပြေးဆွဲမည့် အဆန်အထူးရထားသည် နံနက် ၇ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲမည့် အစုန်အထူးရထားသည် နံနက် ၉ နာရီ ၁၅ မိနစ်တွင်လည်းကောင်း အသီးသီး ထွက်ခွာကြမည်ဖြစ်သည်။

အလားတူ အောက်တိုဘာ ၂၀ ရက်တွင်လည်း ပြည်မှ ရုန်ကုန်သို့ပြေးဆွဲမည့် အစုန်အထူးရထားသည် ည ၁၀ နာရီခွဲတွင်လည်းကောင်း၊ ရန်ကုန်မှ မော်လမြိုင်သို့ ပြေးဆွဲမည့် အဆန်အထူးရထားသည် နံနက် ၇ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲမည့် အစုန်အထူးရထားသည် ည ၇ နာရီ ၁၅ မိနစ်တွင်လည်းကောင်း ထွက်ခွာကြမည်ဖြစ်သည်။

အဆိုပါနေ့ရက်များအလိုက် အထူးရထားများအပြင် ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှုအပေါ်မူတည်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့်ရထားများတွင် ဝန်ချိန်ပြည့်တွဲဆိုင်းများ တိုးချဲ့ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ရထားစီးခရီးသွားပြည်သူများအား အထက်တန်းလက်မှတ်အား သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ပြေးဆွဲပေးသည့် ရထားများအတိုင်းဖြစ်ကြောင်း သိရသည်။