နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းတွင် ဦးသန်းနိုင်ထွန်း၊ ဇနီးဖြစ်သူ ဒေါ်စောသန္တာဦးနှင့် သားဖြစ်သူရွှေအုပ်စိုးတို့ (၃) ဦးကို သတ်ဖြတ်ကာ လက်ကိုင်ဖုန်း ၃ လုံး၊ မော်တော်ယာဉ် တစ်စီးတို့ကို ယူဆောင်သွားခဲ့သည့် တရားခံများအား သေဒဏ်အထိပါဝင်သော ပြစ်ဒဏ်များကို ဥတ္တရသီရိမြို့နယ် တရားရုံးက အောက်တိုဘာလ ၈ ရက်တွင် အသီးသီးချမှတ်ခဲ့သည်ဟု သိရသည်။
နေပြည်တော်တွင် မိသားစု ၃ ဦးအား လုယက် သတ်ဖြတ်ပစ်ခဲ့သည့်တရားခံများကို ယမန်နေ့ သေဒဏ်၊ ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။
အဆိုပါ လူသတ် လုယက်မှုဖြစ်စဥ်သည် ပြီးခဲ့သည့်ဩဂုတ်လ ၁၀ ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်ချက်များအရ တရားခံများဖြစ်သော ရဲထက်ကျော် (ခ) ကိုချစ်၊ ကျော်အေး (ခ) ပသိုင်း၊ ကျော်သူ၊ နန်းကိုသူ (ခ) နန်းမောင်နှင့် အသက်မပြည့်သေးသည့် တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော်ကိုတို့ (၅) ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် ရုံးတင်၍ တရားစွဲဆို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ တရားခံများ၏ ဝန်ခံထွက်ဆိုချက်များအရ တရားခံ ရဲထက်ကျော် (ခ) ကိုချစ် ဆိုသူကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်အပြင် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် (၂၀)နှစ်ချမှတ်ကာ တရားခံ နန်းကိုသူ (ခ) နန်းမောင် ဆိုသူကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ)/၁၀၉ အရ သေဒဏ်အပြင် ရာဇသတ်ကြီးပုဒ်မ ၃၉၄/ ၁၀၉ အရ ထောင်ဒဏ်(၁၀)နှစ်၊ တရားခံကျော်အေး (ခ) ပသိုင်း ဆိုသူကို ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်အပြင် ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နှင့်ထောင်ဒဏ် (၆) လ၊ တရားခံ ကျော်သူ ဆိုသူကို ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နှင့်ထောင်ဒဏ် (၆)လ အသီးသီးကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ထို့အပြင် အသက်မပြည့်သေးသူ ကလေးသူငယ်တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော် ဆိုသူကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ ထောင်ဒဏ် (၇)နှစ် ချမှတ်ပြီး ပြစ်ဒဏ် (၃)ရပ်ကို တစ်ပြိုင်တည်း ကျခံစေရန်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် (၃)နှစ်ကို သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းလည်း သိရသည်။