မူလသဲအင်းဂူဆရာတော်ဘုရားကြီးဦးဥက္ကဋ္ဌ၏ ဝိပဿနာလက်တွေ့ကျင့်စဉ်

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓ္ဓဿ ။
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓ္ဓဿ ။
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓ္ဓဿ ။
အောက်အဆင့်မှာတုန်းကတော့ ရုပ်က ဒုက္ခသစ္စာနော် ပညတ်ရုပ်။
၂ ။ မြတ်စွာဘုရား ၊ ဘုရားတပည့်တော်တို့သည်
ယခုတရားအားထုတ်ဆဲအခါ၌ မြတ်စွာဘုရားအားနိဗ္ဗာန်ကိုရည်မှန်း၍
တပည့်တော်၏ ရုပ်နာမ်နှစ်ပါး ၊ ခန္ဓာငါးပါးကို လှူဒါန်းပါ၏ ။
ကပ်လှူပါ၏ ။ ပူဇော်ပါ၏ အရှင်ဘုရား ။
ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး လှူဒါန်းပူဇော်ရခြင်း အကျိုးကြောင့်
မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား။

၃ ။ ကမ္မဋ္ဌာန်းဆရာဖြစ်တော်မူသော
သဲအင်းဂူကျောင်း ဆရာတော်အရှင်သူမြတ်ကြီးဘုရား ။
ဘုရားတပည့်တော်တို့သည် ယခုတရားအားထုတ်ဆဲအခါ၌
ဆရာတော်ဘုရားကြီးအား ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကို လှူဒါန်းပါ၏ ။
ကပ်လှူပါ၏ ။ ပူဇော်ပါ၏ အရှင်ဘုရား ။ ဤရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး
ကပ်လှူပူဇော်ရခြင်း အကျိုးအားကြောင့် ဆရာတော်ဘုရားကြီးသိအပ်သော
ရုပ်တရား ၊ နာမ်တရား ၊ ဓာတ်တရား ၊ ပရမတ်တရား ၊
သစ္စာတရားတော်မြတ်တို့ကို ဘုရားတပည့်တော်တို့အား ပေးသနားတော်မူပါ အရှင်ဘုရား။

၄ ။ ဘုံ – သုံးဆယ့်တစ် ၊ ရှိရှိသမျှ အနန္တဝယ် ကုန်းမှာနေကိုးကုဋေ ၊
ရေမှာနေဆယ်ကုဋေ ၊ ကုန်းသတ္တဝါ ရေသတ္တဝါ ၊
စကြာဝဠာတံတိုင်း ဖီကာပတ်ကုန်း ၊ ကုန်းမကျန် ၊ ရေမကျန် ၊
အထက်ဘဝဂ် အောက်အဝီစိထိ ၊
သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ
ဒုက္ခိတ သတ္တဝါအပေါင်းတို့အား ကျွန်ုပ်တို့၏ ပြုအပ်သော
ဒါနကုသိုလ် ၊ စောင့်ဆည်းအပ်သော သီလကုသိုလ် ၊
ပွားများအားထုတ်ရသော ဘာဝနာကုသိုလ်တို့၏အဖို့ဘာဂကို
ကျွန်ုပ်တို့နှင့် ထပ်တူထပ်မျှ ရကြရအောင် အားလုံး
ကြားကြားသမျှ အမျှ – အမျှ – အမျှ ယူတော်မူကြပါကုန်လော့ ။

၅ ။ အရိယာသူတော်ကောင်း ၊ သူတော်မြတ် ၊ သူတော်စင်အားလုံးက
ပို့သသောမေတ္တာ ပေးဝေသောကုသိုလ်အဖို့ဘာဂကိုလည်း
ကျွန်ုပ်တို့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓု – သာဓု – သာဓု ။

အထက်ပါအတိုင်း ဘုရားဝတ်ပြု ၊ ရွတ်ဆို ၊ အမျှဝေ – ပရိကံပြုပြီးသောအခါ
မိမိသက်သာသော အနေအထားဖြင့်ထိုင်ပါ ။
တင်ပျဉ်ခွေဖြစ်စေ ၊ မိန်းမထိုင်ခပ်ကျုံ့ကျုံ့ဖြစ်စေထိုင်နိုင်ပါသည် ။
လက်နှစ်ဖက်ကိုလည်း ထပ်၍ဖြစ်စေ ဖြန့်၍ဖြစ်စေထားနိုင်ပါသည် ။

((( သဲအင်းတရားထိုင်နည်းသည် ဒုက္ခဝေဒနာများကို အစ ၊ အလယ် ၊ အဆုံး
တန်းကုန်အောင် သိရန် အားထုတ်ရသော ကျင့်စဉ်ဖြစ်သဖြင့်
ထိုင်ပြီးသောအခါ အနေအထား ဣရိယာပုတ်ကို လုံးဝမပြင်ရတော့ပါ ။
ယားလည်းမကုတ်ရပါ ။
သွားရည်ကျ ၊ မျက်ရည်ကျလည်းမသုတ်ရပါ ။
နာကျင်ကိုက်ခဲလျှင်လဲမထရပါ ၊ ပိုးမွှားကိုက်လည်းမလှုပ်ရပါ ။
ဤအချက်ကို အထူးသတိပြုပါ )))

ထိုင်ပြီးသောအခါ မိမိရှူရှိက်နေသော ဝင်သက်ထွက်သက်
တိုးဝှေ့တိုက်ခိုက်သွားသော နှာသီးဝ၌အာရုံစိုက်
အသိကပ်ထားပါ ။ အစပထမတွင် အာရုံပြန့်လွင့်နေတတ်ပါသည် ။
ထိုအခါ ဝင်သက်ထွက်သက်ကို ခပ်ဆတ်ဆတ်လေး
ရှူရှိုက်ပါက စိတ်ငြိမ်လာပြီး အာရုံစူးစိုက်လာနိုင်ပေလိမ့်မည် ။
ဝင်လေထွက်လေ နှာသီးဝ၌ထိလျှင်ထိမှန်း အာရုံစိုက်နိုင်လာပြီး
သမာဓိအားကောင်းလာပေမည် ။

တရားထိုင်၍ မိနစ်(၂၀) ခန့်ကြာသောအခါ နာကျင် ၊
တောင့်တင်း ၊ ထုံကျင် ၊ ကိုက်ခဲ စသော ဝေဒနာတစ်ခုခု ပေါ်လာပေလိမ့်မည် ။
တစ်ဦးနှင့်တစ်ဦး မတူညီကြပါ ။ ထိုအခါ နှာသီးဝ၌သိနေသော အသိစိတ်က
ပေါ်လာဝေဒနာကို သူ့သဘောနှင့်သူ သွားပြီးသိလိမ့်မည် ။
တမင်လုပ်မယူရပါ ။ အစိုးမရခြင်း ၊ အနတ္တလက္ခဏာပင်တည်း ။
ဓာတ်လေးပါးအနက် တစ်ပါးပါးက စဖေါက်ပြီဟုလည်း သိရမည် ။
ပညာသိနှင့် သညာသိ ကွဲပြားအောင် အားထုတ်ရမည့် အချိန်ရောက်လာလေပြီ ။
ပေါ်လာသောဝေဒနာများကို နာတယ် ၊ ကျင်တယ် ၊
အောင့်တယ် ၊ ပူတယ် ၊ အေးတယ် အစရှိသဖြင့်
မိရိုးဖလာအတိုင်း အမှတ်မပြုရပါ ။ အားလုံးကို ခံစားတယ်ဟု အမှတ်ပြုပါ ။
(သို့မဟုတ်)
ဝေဒနာနာမ်၏ ခံစားခြင်းသဘော ဟု အမှတ်ပြုပါ ။
(သို့မဟုတ်)
ဝေဒနာဟု အမှတ်ပြုပါ ။
မိမိနှစ်သက်ရာတစ်ခုခုကိုသာ ခြုံ၍အမှတ်ပြုပါ ။

ဝေဒနာပြင်းထန်လာလျှင် ဝင်လေထွက်လေကို ပြင်းပြင်းရှူပါ ။
ဝေဒနာပို၍ ပြင်းထန်လာလျှင် ဝင်လေထွက်လေကို
ပို၍ပြင်းပြင်းရှူပါ ။ နှာသီးဝ၌ အသိမလွတ်ခြင်းသည်
(သမာဓိမြဲခြင်းဖြစ်ပြီး) ဓာတ်လေးပါးဖေါက်ပြန်မှုကို
ဝေဒနာနာမ်၏ ခံစားခြင်း ၊ (သို့မဟုတ်) ဝေဒနာဟု ခြုံ၍
အမှတ်ပြုပြီး သိနေခြင်းသည် (ပညာသိ)ဖြစ်ကြောင်း
ရှေ့တွင် ဖေါ်ပြခဲ့ပြီးဖြစ်သည် ။
သမာဓိနှင့်ပညာ ဆတူညီတူရှိမှ တရားအရမြန်သည် ။
ဆိုလိုသည်မှာ နှာသီးဝမှာ အာရုံစိုက်၍ သိနေသော
တစ်ချိန်တည်းမှာပင် ပေးလာသောဝေဒနာကိုလဲ
အထက်ဖေါ်ပြပါ အမြင်မှန် ပညာသိနှင့်လည်း သိနေရပါမည် ။
(သမာဓိနှင့်ပညာ) (ဘောင်ချိန်ပေးရမည်) ဟု
ဆရာတော်ဘုရားကြီးက အမိန့်ရှိပါသည် ။
ဆိုလိုသည်မှာ
ဝေဒနာအလွန်ပြင်းထန်ပြီး မခံမရပ်နိုင်အောင်ဖြစ်လာသောအခါ
သမာဓိချိန်ခွင်လျှာဖက်ကို အလေးသာပေးသည့်
အနေနှင့် နှာသီးဝတွင်သာ စိတ်ကို အတင်းကပ်၍လေကို
ယခင်ထက် (၆)ဆပိုပြီး ပြင်းပြင်းရှူပါ ။
ထိုအခါ ဝေဒနာသက်သာသွားပေလိမ့်မည် ။
(ဝေဒနာတစ်ကျပ်သားဆို သမာဓိတစ်ကျပ်သား)
(ဝေဒနာနှစ်ကျပ်သားဆို သမာဓိနှစ်ကျပ်သား) ဟု
ဆရာတော်ဘုရားကြီးက လူတိုင်းနားလည်အောင်
(ဘောင်ချိန်နည်း)ကိုပြပေးတော်မူပါသည် ။
ဝေဒနာခံသာသွားသည်နှင့် စိတ်ကို နှာသီးဝနှင့်
ဝေဒနာပေါ်ပြန်၍ မျှထားလိုက်ရမည် ။
နှာသီးဝ၌သာ အတင်းအာရုံစိုက်၍
ဝင်လေထွက်လေကို မှတ်မနေရပါ ။
ခန္ဓာကိုယ်၌ဖြစ်နေသော ဝေဒနာကိုလဲ
သည်းခံပြီး အမြင်မှန် ပညာသိဖြင့်
ဓာတ်လေးပါးဖေါက်ပြန်သော သဘောပါလားဟု ရှုမှတ်နေရမည် ။
နှာသီးဝ၌သာ အတင်းအာရုံစိုက်နေပြီး ခန္ဓာကိုယ်မှ ဝေဒနာကို
လျစ်လှူရှုနေလျှင် ပညာသိမရနိုင်ဘဲ
သမာဓိသာရှိသဖြင့် သမထဘာဝနာ ဖြစ်သွားပေလိမ့်မည် ။
ဝိပဿနာဘာဝနာဟူသည် သမာဓိနှင့် ပညာ –
ဘောင်ချိန်ပေးပြီး အမြင်မှန် အသိမှန်ရရန်
ကြိုးစားအားထုတ်ရသော ဗုဒ္ဓမြတ်ဘုရားချမှတ်သော ကျင့်စဉ်ဖြစ်ပါသည် ။
တဖန် အသက်ရှူရှိုက်မှုကို ရပ်နားပြီးပေါ်လာသော
ဝေဒနာကိုမှိန်း၍ လိုက်လံရှူပွားခြင်းလည်းမပြုရပါ ။
အသက်ရှူရှိက်မှုကို တရားအားထုတ်ချိန်မှစ၍
လုံးဝမရပ်ဘဲ မပြတ်ရှူရှိုက်နေရပါမည် ။

ဓာတ်လေးပါးဖြစ်သော ရပ်၏ဖေါက်ပြန်မှုနှင့် ခံစားသောနာမ်သည်
အနိစ္စသဘောအရ မမြဲဘဲ တစ်ထပ်တည်း
တစ်ချိန်တည်း ချုပ်ပျောက်သွားရမည်ဟူသော
ဗုဒ္ဓမြတ်စွာဘုရား၏ စကားတော်နှင့် သဲအင်းဂူဆရာတော်ဘုရားကြီး၏
စကားတော်ကို အကြွင်းမဲ့ယုံကြည်မှု ၊
သဒ္ဒါတရားလက်ကိုင်ထား၍ ဆက်လက်ရှုမှတ်သွားပါမည် ။
ဝေဒနာသည် မခံမရပ်နိုင်အောင် အမြင့်ဆုံးအဆင့်သို့ရောက်လာပေလိမ့်မည် ။
ထိုအချိန်တွင် တော်ချင်သောအကုသိုလ်စိတ်ကို
မတော်ချင်သော ကုသိုလ်စိတ်ဖြင့် အနိုင်ယူပြီး ဆက်လက်ရှုမှတ်ပါ ။
(ရှေ့စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင်) ဟု
ဆရာတော်ဘုရားကြီးက အားပေးတော်မူခဲ့ပါသည် ။
(တော်ချင်သောစိတ်က အကုသိုလ်စိတ် ၊ အပါယ်လားမဲ့စိတ် ၊
နောက်စိတ်က ကုသိုလ်စိတ် နိဗ္ဗာန်သွားမဲ့စိတ်) ဟုလည်း
မိန့်ကြားတော်မူပါသည် ။
ဤကဲ့သို့ဘောင်ချိန်ရင်း သည်းခံရင်း ဝင်လေထွက်လေကို
အဆက်မပြတ်ရှူရှိုက်ကာ အားလျော့ဘဲ ဇွဲတင်းပြီး
ရှုမှတ်သွားပါက အနတ္တသဘောအရ သူ့သဘောနှင့်သူ
ဖေါက်ပြန်လေသော ဆင်းရဲဒုက္ခဝေဒနာကြီးသည်
အနိစ္စမမြဲခြင်းသဘောအရ တစ်ဖြည်းဖြည်း
ဒီရေကျသည့်အလား ပြေလျော့ကာ နောက်ဆုံး လုံးဝချုပ်ပျောက်သွားကြောင်း
အံ့သြစွာသိလာပေလိမ့်မည် ။
ရုပ်နှင့်နာမ်တစ်ထပ်တည်းချုပ်ပျောက်သွားခြင်းဖြစ်ပါသည် ။
ဥပမာပြရသော် –
တင်ပျဉ်ခေါထိုင်နေသော ခြေသလုံးနှင့်ပေါင်သည်
နာကျင်ကိုက်ခဲမှု အဆုံးစွန်ရောက်ပြီး သွေးသွား
သွေးလာပြတ်ကာ ပုတ်၍ပြတ်ကျတော့မည့်အလား
ဖြစ်နေရာမှ တစ်ဖြည်းဖြည်းဝေဒနာလျော့ကျကာ
နောက်ဆုံး၌ ဘာမှ မဖြစ်သကဲ့သို့နာကျင်ကိုက်ခဲမှု
ဝေဒနာအားလုံး ပျောက်ကွယ်သွားပေမည် ။
ဖြစ်ပျက်ဖေါက်ပြန်ခဲ့သော ပြင်းထန်သော
ဝေဒနာဆိုးများသည် ဟုတ်မှ ဟုတ်ပါလေစဟု
ယုံမှားသံသယဖြစ်လောက်အောင်
အစအနအငွေ့အသက်များ လုံးဝမကျန်ခဲ့ဘဲ
ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားပြီး
အလွန်ချမ်းသာသော သုခဝေဒနာကိုသာ သင်ကြုံလာရပေမည် ။

ဤကဲ့သို့ဝေဒနာ၏ အစ ၊ အလယ် ၊ အဆုံးကို
ရှုမှတ်သိရှိထားသော သဲအင်းဂူယောဂီသည် အပါယ်လေးဘုံသို့
မလားနိုင်တော့ပါ ။ ရုပ်နာမ်တစ်ထပ်တည်း
ချုပ်ပျောက်သော သဘောဖြစ်သည့်
ဝေဒနာချုပ်သည်အထိ
သည်းခံ ၊ ဇွဲတင်း၍ အားထုတ်ခြင်းဖြင့် တဒင်္ဂမဂ်ကို ရသည်ဟု
ဆရာတော်ဘုရားကြီးကအထင်အရှားအာမခံ အမိန့်ရှိတော်မူပါသည် ။
ဤအဆင့်သို့အားထုတ်ဖူးသောယောဂီသည်
အကြီးမားဆုံးသော အခက်အခဲတစ်ခုကို
ကျော်လွန်နိုင်ခဲ့ပြီဖြစ်သောကြောင့် ငါသည် အပါယ်မလားတော့ဟု
ဝမ်းသာစွာဂုဏ်ယူနိုင်ပါပြီ ။ ထို့အပြင် ငါသည် ယခုဘဝမှာပင်
အရိယာဧကန်ဖြစ်လိမ့်မည်ဟု ယုံကြည်စိတ်ချနိုင်ပါပြီ ။
သို့ဖြစ်ပါ၍ သင့်တော်ရာ သဲအင်းဂူတိုက်ခွဲ ကမ္မဋ္ဌာန်း
(ဋ္ဌာနချုပ်) ကျောင်းတွင်၎င်း ၊ ဆက်လက်၍ ကျင့်ကြံ
အားထုတ်သွားပါလျှင် တဒင်္ဂမဂ်များစွာစုပြီး
မဟာမဂ်ကြီးဆိုက်ကာ အရိယာဖြစ်ပါလိမ့်မည်ဖြစ်ကြောင်း
မေတ္တာ စေတနာနှင့်တိုက်တွန်းလိုက်ရပေသည် ။
(လက်တွေ့ကျင့်စဉ်ပြီး၏)။

အားလုံးသောဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့အား ယခုဘဝမှာပင်လျင် တရားထူးများရနိုင်ကြပါစေကြောင်း ဆုတောင်းလျက်….။

Source:
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)
မှ ဓမ္မဒါန ပူဇော်ပါသည်။