ကြိုတင်ထိုးထားသင့်တဲ့ မေးခိုင်ကာကွယ်ဆေး

ခေတ်မီမွေးမြူရေးခြံကြီးတွေမှာ သိပ်ပြီးအပြောမများ လှပေမယ့်၊ ကျေးလက်က အသေးစားမွေးမြူရေးသမားတွေ မကြာခဏ ရင်ဆိုင်ရလေ့ရှိတဲ့ ပြဿနာတစ်ခုကတော့ မေးခိုင်ရောဂါ ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်မွေးမြူသူတွေ၊ ဆိတ်မွေးမြူသူတွေမှာ သူတို့မွေးမြူထားတဲ့ ဝက်ငယ်ကလေးတွေ၊ ဆိတ်ငယ်ကလေးတွေ မေးခိုင်ရောဂါဝင်ပြီး သေဆုံးရတာကို မကြာခဏ တွေ့ရပါတယ်။ တိရစ္ဆာန်တွေအတွက်သာမက၊ လူတွေအတွက်လည်း ဂရုစိုက် ကာကွယ်ဖို့ လိုအပ်တဲ့ရောဂါမို့ အစိမ်းရောင်လမ်း ပရိတ်သတ်တွေအတွက် မျှဝေလိုပါတယ်။

မေးခိုင်ရောဂါ (Tetanus) ဟာ ကလော်စရီးဒီယမ်း တက်တနိုင် (Clostridium tetani) လို့ခေါ်တဲ့ ဘက်တီးရီးယားက ထုတ်လုပ်တဲ့ အဆိပ်အတောက် (toxin) ကြောင့် ဖြစ်ပွားရတာပါ။ အဲဒီဘက်တီးရီးယားဟာ တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းထဲမှာ ရှိနေတတ်ပြီး၊ မစင်နဲ့ မြေကြီးထဲမှာ စပိုး (spore) အဖြစ်နဲ့ အချိန်ကြာမြင့်စွာ နေနိုင် ကြပါတယ်။ စပိုးဆိုတာကတော့ သက်ဝင်လှုပ်ရှားခြင်းမရှိဘဲ ငြိမ်နေတဲ့အဆင့်ပါ။ သူတို့ကြိုက်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို ပြန်ရောက်လာပြီဆိုရင် စပိုးအဖြစ်ကနေ ဘက်တီးရီးယားအဖြစ် ပြန်ပြီးသက်ဝင်လှုပ်ရှားလာကြ မှာ ဖြစ်ပါတယ်။ ကလော်စရီးဒီးယမ်း ဘက်တီးရီးယားတွေဟာ လေ (အောက်ဆီဂျင်) မရှိတဲ့ နေရာမှာသာ ရှင်သန် ပွားများနိုင်တဲ့ ဘက်တီးရီးယား (anaerobic bacteria) တွေလည်း ဖြစ်ပါတယ်။

ကလော်စရီးဒီးယမ်း စပိုးတွေဟာ လူနဲ့ တိရစ္ဆာန်တွေရဲ့ ဒဏ်ရာတွေထဲကို ဝင်ရောက်သွားနိုင်ပါတယ်။ တိရစ္ဆာန်လေးတွေ ကို သင်းကွပ်တာ၊ အမြီးဖြတ်တာ စတာတွေကို လုပ်ဆောင်တဲ့အခါ သန့်ရှင်းမှုမရှိဘူးဆိုရင် ပိုပြီး ဝင်ရောက်လွယ်ပါတယ်။ မွေးခါစ တိရစ္ဆာန်လေးတွေရဲ့ ချက်ကြိုးကနေလည်း ဝင်ရောက်နိုင်ပါတယ်။

ဒဏ်ရာရတဲ့နေရာဟာ သွေးလည်ပတ်မှုရှိပြီး၊ သွေးကနေတဆင့် အောက်ဆီဂျင်ရောက်ရှိနေသေးတယ်ဆိုရင်တော့ စပိုးတွေဟာ ဘက်တီးရီးယားတွေအဖြစ် ပြန်ပြောင်းမလာနိုင်ပါဘူး။ ဒါပေမယ့် ဒဏ်ရာက နက်မယ်၊ အနာဆွေးဖြစ်လာပြီး အောက်ဆီဂျင်မရောက်နိုင်တော့ဘူးဆိုရင်တော့ စပိုးတွေဟာ ဘက်တီးရီးယားအဖြစ် ပြန်လည်ပြီး သက်ဝင်လှုပ်ရှားလာပါတော့တယ်။ ကလော်စရီးဒီးယမ်း ဘက်တီးရီးယားတွေဟာ အနာဆွေးနေရာမှာ နေထိုင်ပြီး ထပ်မံပွားများလာကြပါတယ်။

အဲဒီ ဘက်တီးရီးယားတွေဟာ အာရုံကြောကို ထိခိုက်စေတဲ့ အဆိပ်(neurotoxin) တွေကို ထုတ်လုပ်ကြပါတယ်။ အဲဒီအဆိပ်တွေကို အနာပတ်ခြာလည်မှာရှိနေတဲ့ အာရုံကြော (motor nerves) တွေက စုပ်ယူကြပါတယ်။ အဆိပ်တွေများလာတာနဲ့အမျှ အာရုံကြောအချို့ကနေ ခန္ဓာကိုယ်တစ်ခုလုံးက အာရုံကြောစနစ်ကြီးတစ်ခုလုံးအထိ အဆိပ်တွေ ပြန့်နှံ့သွားနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေဟာ အာရုံကြောတွေရဲ့ ခိုင်းစေချက်နဲ့ ကျုံ့ခြင်း၊ ဆန့်ခြင်းတွေကို ဟန်ချက်ညီညီ ဆောင်ရွက်နေရပါတယ်။ ကြွက်သားအချို့ကို ကျုံ့ခိုင်းထားချိန်မှာ ကြွက်သားအချို့ကို ဆန့်ခိုင်းထားရပါတယ်။ ဒါမှသာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ လိုအပ်သလို မှန်မှန်ကန်ကန် လှုပ်ရှားနိုင်မှာပါ။ ကလော်စရီးဒီယမ်းတွေက ထုတ်လုပ်တဲ့ အဆိပ်တွေဟာ အာရုံကြောတွေရဲ့ လုပ်ငန်းတွေကို နှောက်ယှက်ပြီး ကြွက်သားတွေအားလုံးကို တပြိုင်နက်တည်း အလုပ်လုပ်စေပါတယ်။ ဒါကြောင့် အစပိုင်းမှာ ကြွက်သားတွေ တဆတ်ဆတ်တုန်နေတာမျိုးကို တွေ့ရပြီး နောက်ပိုင်းမှာ ဒဏ်ရာရှိနေတဲ့ ခြေ၊ လက်တွေစ ခပ်တောင့်တောင့်ကြီး ဖြစ်လာပါတယ်။ အဲဒီနောက်မှာတော့ အခြေအနေက ပိုဆိုးလာပြီး မေးခိုင်တာ၊ ခန္ဓာကိုယ်တောင့်တင်းပြီး ဆန့်ဆန့်ကြီး ဖြစ်နေတာတွေကို ဆက်လက်ပြီး တွေ့ရနိုင်ပါတယ်။ ခြေလက်တွေက ကြွက်သားတွေ တောင့်တင်းတာက ရုတ်တရက် သေဆုံးသွားတာမျိုး မဖြစ်စေပေမယ့် တိရစ္ဆာန်လေးတွေကို အတော်လေး ပင်ပန်းနွမ်းနယ်စေပါတယ်။ အဲဒီလို တောင့်တင်းမှုဟာ အသက်ရှူလမ်းကြောင်းနဲ့၊ ရင်ဝမ်းခြားကန့်လန့်ကာကြွက်သားတွေမှာပါ ဆက်လက်ပြီး ဖြစ်ပေါ်လာတဲ့အခါ အသက်ရှုလို့ မရတော့ဘဲ သေဆုံးရပါတော့တယ်။

မေးခိုင်ရောဂါဟာ နို့တိုက်သတ္တဝါအားလုံးမှာ ဖြစ်ပွားနိုင်ပါတယ်။ ခွေးနဲ့ ကြောင်တွေကတော့ အခြားသော နို့တိုက်သတ္တဝါတွေနဲ့ နှိုင်းယှဉ်ရင် ခံနိုင်ရည် နည်းနည်းပိုရှိပါတယ်။ ကြက်ငှက်တွေကတော့ နို့တိုက်သတ္တဝါတွေနဲ့ နှိုင်းယှဉ်ရင် မေးခိုင်ရောဂါကို ခံနိုင်ရည် အလွန်မြင့်မားတယ်လို့ ဆိုနိုင်ပါတယ်။

ကုသခြင်း

  • မေးခိုင်ရောဂါဖြစ်ပွားတဲ့အခါ တိရစ္ဆာန်မှာ ရောဂါပိုးဝင်ရောက်ရာ ဒဏ်ရာကို ရှာဖွေပြီး သန့်စင်ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အများအားဖြင့် မေးခိုင်ပိုးဝင်ရောက်ရာ ဒဏ်ရာတွေဟာ ဒဏ်ရာငယ်တွေဖြစ်ပြီး၊ အနာ ပျောက်ကင်းနေတာမျိုးတောင် ဖြစ်နိုင်ပါတယ်။
  • ကြွက်သားတွေတောင့်တင်းနေတာကို သက်သာစေမယ့်ဆေးဝါး (muscle relaxant) တွေ ပေးနိုင်ပါတယ်။
  • အဆိပ်ထုတ်နေတဲ့ ဘက်တီးရီးယားတွေ လျော့ကျသွားစေဖို့၊ ဆက်လက်ပွားများမလာဖို့ ပဋိဇီဝဆေးဝါးတွေနဲ့လည်း ကုသပေးရမှာပါ။
  • အရေးအကြီးဆုံးကတော့ အာရုံကြောတွေကို တိုက်ခိုက်နေတဲ့ အဆိပ်တွေကို ချေဖျက်ဖို့ အဆိပ်ဖြေဆေး (antitoxin) ထိုးနှံဖို့ပဲ ဖြစ်ပါတယ်။
  • ကုသရာမှာ ကုန်ကျစရိတ်ကြီးမြင့်နိုင်တာမို့ မိမိတိရစ္ဆာန်ရဲ့ တန်ကြေးနဲ့၊ ဆေးဖိုးကုန်ကျစရိတ်ကိုလည်း ချိန် ဆရမှာပါ။ အကောင်းဆုံးကတော့ မေးခိုင်ရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ထားခြင်းပါပဲ။

ကြိုတင်ကာကွယ်နည်း

တိရစ္ဆာန်လေးတွေ မမွေးဖွားလာမီကတည်းက မိခင်ဝက်မကြီး၊ ဆိတ်မကြီးတွေကို မေးခိုင်ရောဂါကာကွယ် ဆေးတွေ ကြိုတင်ထိုးနှံထားပေးသင့်ပါတယ်။ လိုအပ်လို့ သင်းကွပ်တာ၊ အမြီးဖြတ်တာတွေ ဆောင်ရွက်ရတဲ့အခါ တတ်နိုင်သမျှ ပိုးမွှားသန့်စင်မှုကို ဂရုစိုက်ရပါမယ်။ လိုအပ်ရင် အဲဒီလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ မေးခိုင်ကာကွယ် ဆေးကို ကြိုတင်ထိုးနှံထားသင့်ပါတယ်။

အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်