၂၀၁၀ ခုနှစ် နို၀င်ဘာ ၄ ရက်နေ့မှာ
နိူင်ငံတော် အေးချမ်းသာယာရေးနဲ့ဖွံဖြိုးရေးကောင်စီက
ပြည်သူ့စစ်မှုထမ်း ဥပဒေကို
ဥပဒေအဖြစ် ထုတ်ပြန်ပြဋ္ဌာန်းခဲ့တယ်။
ဒီဥပဒေအရ
၁။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသားအားလုံးနဲ့
၂။ အသက် ၁၈ နှစ်မှ ၂၇ နှစ်ထိ အမျိုးသမီးများအားလုံး
စစ်မှုထမ်းဆောင်ရမှာဖြစ်ပြီး
စက်မှု လက်မှု အပါအ၀င်
ကျွမ်းကျင်ပညာရှင်ဖြစ်လျှင်တော့….
၁။ အသက် ၁၈ နှစ်မှ ၄၅ ထိ အမျိုးသားအားလုံးနဲ့
၂။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသမီးများအားလုံး
အကျုံး၀င်မှာ ဖြစ်တယ်။
ဘယ်သူတွေ ကင်းလွတ်ခွင့်ရမလဲဆိုတော့
၁။ သာသနာ့ ၀န်ထမ်းတွေ( မည်သည့် ဘာသာမဆို )
၂။ အိမ်ထောင်သည် အမျိုးသမီးတွေ၊
(သားသမီးရှိတဲ့ အိမ်ထောင်ပျက်အမျိုးသမီးတွေအပါ)
၃။ ဆေးစစ်ဆေးချက်အရ စစ်မှုထမ်းရန် မသင့်လျော်သူ။
၄။ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က
သီးခြားအမိန့်ထုတ်ပြန် ကင်းလွတ်ခွင့်ပြုတဲ့သူတွေ
ကလွဲရင် အကျုံးဝင်သူအားလုံးဟာ
မဖြစ်မနေ စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်။
စစ်မှုထမ်းကာလကို ကာလတို
ယာယီရွေ့ဆိုင်းခွင့်ပြုတဲ့သူတွေကတော့
၁။ ယာယီဆေးအဆင့်နိမ့်နေသူများ
၂။ နိုင်ငံ၀န်ထမ်းများ
၃။ ပညာသင်ကြားနေသူများ
၄။ အခြား ပြုစုစောင့်ရှောက်မည့်သူမရှိသည့်
မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသူများ
၅။ မူးယစ်ဆေးဖြတ် ကုသမှုခံယူနေသူများနဲ့
၆။ ထောင်ဒဏ်ကျခံနေရသူများတို့ဖြစ်ပါတယ်။
ကာလတို
ယာယီရွေ့ဆိုင်းခွင့်ရဲတဲ့သူတွေအနေနဲ့
ယာယီရွေ့ဆိုင်းခွင့်ပြုထားတုန်း
အသက်ကန့်သတ်ချက် ကျော်လွန်သွားရင်လဲ
ကင်းလွတ်ခွင့်မပြုပဲ
ဆက်ပြီးတာ၀န်ထမ်းဆောင်ရမယ်။
စစ်မှုထမ်းကာလကတော့
၁။ သာမန် လူတွေ အတွက် ၂ နှစ်ဖြစ်ပြီး
၂။ ပညာသည်တွေ အတွက်ကတော့ ၃ နှစ်ဖြစ်တယ်။
အရေးပေါ် အခြေအနေတွေမှာတော့
မည်သူ့ကိုမဆို စစ်မှုထမ်းကာလ ၅ နှစ်အထိ
တာ၀န်ထမ်းဆောင်ဖို့ သက်တမ်းတိုးမြှင့်နိုင်ပါတယ်။
စစ်မှုထမ်းဥပဒေအရ
အမှုထမ်းဆောင်ဖို့ ဆင့်ခေါ်ခြင်းခံရတဲ့မည်သူမဆို
စစ်မှု စတင်ထမ်းတဲ့နေ့ကစပြီး
၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကို လိုက်နာရမှာဖြစ်ပြီး
အပြစ်တစ်စုံတစ်ရာ ကျူးလွန်မယ်ဆိုရင်တော့
စစ်မှုထမ်းကာလအတွင်း
စစ်တရားရုံးက ဖြစ်စေ၊
နယ်ဘက် တရားရုံးကဖြစ်စေ
ချမှတ်တဲ့ပြစ်ဒဏ်ကာလကို
စစ်မှုထမ်းကာလအတွင်း ထည့်သွင်း စဉ်းစားခြင်းမပြုပဲ
သတ်မှတ်ကာလပြည့်သည်အထိ
စစ်မှုထမ်းဆောင်ရပါမယ်။
အခွင့်အရေးတွေ အနေနဲ့ကတော့
စစ်မှုထမ်းကာလအတွင်း
အဆင့်လိုက် လစာစားရိတ်များ ခံစားခွင့်ရရှိမှာဖြစ်ပြီး
တာ၀န်ထမ်းဆောင်စဉ် ကျဆုံးခဲ့ပါက
တပ်မတော်က သတ်မှတ်ထားတဲ့အတိုင်း
ခံစားခွင့် များ ရရှိပါမယ်။
ပါရဂူဘွဲ့၊ အခြားအသက်မွေး ၀မ်းကျောင်းဘွဲ့နဲ့
သတ်မှတ်အရည်အချင်းပြည့်မီသူတွေကို ….
ပြန်တမ်း၀င်အရာရှိအဖြစ်
တိုက်ရိုက် ခန့်အပ်နိုင်တဲ့အချက်ကိုလည်း
ထည့်သွင်းပြဌာန်းထားပါတယ်။
စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို
မြို့နယ်/ ခရိုင် /တိုင်းဒေသကြီး /
ဗဟို အဆင့်တွေအထိ
ဖွဲ့စည်းသွားမှာဖြစ်ပြီး
ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေက
နှစ်စဉ် စစ်မှုထမ်းရန် အရွယ်ရောက်သူများစာရင်းကို
မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံ
ဇန်နဝါရီလ ၁ ရက်နေ့ထက် နောက်မကျစေပဲ
အရောက်ပေးပို့ရမှာ ဖြစ်တယ်။
မြို့နယ်အဖွဲ့က
အသက်ပြည့်မီသူတွေကို ဆင့်ခေါ်ပြီး
မှတ်ပုံတင်ထားရှိကာ
လက်မှတ်ထုတ်ပေးသွားမှာဖြစ်ပြီး
လက်မှတ်ရရှိသူတွေကိုတော့
ဆေးစစ်ဖိုဆင့်ခေါ်မှာ ဖြစ်တယ်။
စစ်မှုထမ်းဖို့ဆင့်ခေါ်စာကို
သက်ဆိုင်ရာပုဂ္ဂိုလ်ကို
တိုက်ရိုက်ပေးအပ်ရမှာဖြစ်ပြီး
မတွေ့ရှိခဲ့ရင်တော့
မိသားစု၀င်တစ်ဦးဦးဆီ
သက်သေတစ်ဦးရှေ့မှာ ပေးအပ်ရပါမယ်။
ဒါဟာ ဥပဒေအရ
သက်ဆိုင်ရာပုဂ္ဂိုလ် လက်ထဲကို
ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ မှတ်ယူပါမယ်။
ပြစ်ဒဏ်တွေကတော့
ပုဒ်မ ၂၃ အရ
၁။ မှတ်ပုံတင်ဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်
၂။ ဆေးစစ်ဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်
၃။ စစ်မှုထမ်းဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်
၄။ မှတ်ပုံတင်ချိန်မှာ အကြောင်းအရာတစ်ခုခုကို
လိမ်လည်ရေးသားဖော်ပြရင်
၅။ စစ်မှုထမ်းဆောင်ပြီး နှစ်စေ့လို့ပြန်ရောက်လာတဲ့သူကို
အလုပ်ရှင်က မူလအလုပ်/ရာထူးမှာ
ခန့်အပ်ဖို့ ငြင်းဆန်ရင်
ထောင်ဒဏ် ၃ နှစ် ထိကျခံရမှာဖြစ်တယ်။
ပုဒ်မ၂၄ အရ
စစ်မှုထမ်းခြင်းမှ ရှောင်လွဲဖို့အတွက်
၁။ ရောဂါရှိဟန်ဆောင်ခြင်း
၂။ တမင် ရောဂါရအောင်လုပ်ခြင်း
၃။ ရောဂါကိုမပျောက်အောင် ပိုဆိုးလာအောင်လုပ်ခြင်း
၄။ အနာတရ ဖြစ်အောင်လုပ်ခြင်းတို့အတွက်
ကျူးလွန်သူက ထောင်ဒဏ်(၅)နှစ်ကျခံရမှာဖြစ်ပြီး
စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွဲဖို့အတွက်
အားပေးသူကူညီသူဟာ
၁။ အရပ်သားဆို ထောင်ဒဏ် (၁)နှစ် …..
၂။ ၀န်ထမ်းဆို ထောင်ဒဏ်(၃)နှစ်ကျခံရမှာဖြစ်သလို
ရဲအရေးပိုင်တဲ့ပြစ်မှုတွေအဖြစ် သတ်မှတ်ထားပါတယ်။
ပုဒ်မ ၂၃ နဲ့၂၄ ကို ကျုးလွန်သူတွေဟာ
ပြစ်ဒဏ်ကျခံပြီးနောက်
စစ်မှုထမ်းဆောင်ဖို့
ပြန်လည်သတင်းပို့ရမှာပဲဖြစ်ပါတယ်။
ဒီဥပဒေဟာ ပြဌာန်းထားပြီးဖြစ်လို့
သမ္မတ သို့တည်းမဟုတ်
လုပ်ပိုင်ခွင့်ရှိသော အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က
အသက်သွင်းတဲ့နေ့မှာ
စတင် အသက်၀င်မှာဖြစ်ပြီး
လွှတ်တော်ကို တင်ပြစရာ
မလိုတော့ပါ။