ဇန်နဝါရီလ ၁၉ ရက်နေ့မှုခင်းသတင်းများ

-ဇန်နဝါရီလ ၁၈ ရက် ၂၀၀၀ နာရီတွင် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့သစ်၊ ပုတိန်ရိုးကျေးရွာ၊ ရန်ကုန် – မော်လမြိုင် ကားလမ်းဘေးနေ ဦးမျိုးမင်း(၄၄)နှစ်၊ ကားလက်မှတ်ရောင်းနှင့် ပရိဘောဂလုပ်ငန်း လုပ်ကိုင်သူသည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ရာ ဦးမျိုးမင်းတွင် ဝဲနားထင်၊ ရင်ဘတ်၊ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၁၈ ရက် ၀၈၀၀ နာရီတွင် မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာနေ ဦးသန်းအောင်(၅၀)နှစ်သည် ကျေးရွာ အနောက်တောင်ဘက်ရှိ နန်းတစ်ပင်ချောင်းအနီး၌ ဟင်းသီး/ဟင်းရွက်ခူးနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးမှ လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးသန်းအောင်တွင် ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့။

-ဇန်နဝါရီလ ၁၈ ရက် ၁၂၀၀ နာရီတွင် အောင်လံမြို့နယ်၊ ကိုးတောင်ကျေးရွာနေ ကျော်စံဝင်း(၃၂)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ကျား ၁၀ ဦး ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာ ကျော်စံဝင်းတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး နေအိမ်ချင်းကပ်လျက်ရှိ ဒေါ်သန်းနွဲ့(၃၃)နှစ်တွင် ဝဲပေါင် ကျည် ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့။

-ဇန်နဝါရီလ ၁၈ ရက် ၀၉၄၅ နာရီတွင် ဒိုက်ဦးမြို့၊ ဖအောင်ဝဲရပ်ကွက်တွင် နေထိုင်သော ဦးခင်ဝင်း(၆၈)နှစ်နှင့် ဦးခင်မောင်အေး (၆၀)နှစ်တို့သည် ရပ်ကွက်အတွင်းရှိ ဟိန်းကျော် လက်ဘက်ရည်ဆိုင်၌ လက်ဘက်ရည်သောက်နေစဉ် အကြမ်းဖက်သမား ကျား ၂ ဦးမှ  ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးခင်မောင်အေးတွင် ရင်ဘတ် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဦးခင်ဝင်းတွင် ဦးခေါင်းနောက်စေ့ ကျည်ရှပ်မှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့။

-ဇန်နဝါရီလ ၁၈ ရက် ၁၉၀၀ နာရီတွင် မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအား PDF အကြမ်းဖက်အဖွဲ့ မှ Drone ယာဉ်များဖြင့် လည်းကောင်း၊ ကျေးရွာ၏ မြောက်ဘက်၊ အနောက်ဘက်၊ တောင်ဘက်တို့ရှိ တောတိုက်များမှ လက်လုပ်စိန်ပြောင်းများဖြင့် လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ Drop ဗုံး/လက်လုပ်စိန်ပြောင်းဗုံးသီးများမှာ ကျေးရွာမြောက်ဘက် မီတာ ၅၀ ခန့်အကွာ ယာခင်း၌ ၁၂ လုံး၊ အနောက်ဘက်မီတာ ၁၀၀ ခန့်အကွာ ယာခင်း၌ ၁၇ လုံး၊ အနောက် တောင်ဘက် မီတာ ၅၀ ခန့်အကွာ ယာခင်း၌ ၁၁ လုံး၊ ကျေးရွာအတွင်း၌ ၂၈ လုံး၊ ကျေးရွာ(အထက-ခွဲ) အတွင်း၌ ၁၈ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဝက်ပုတ်ကျေးရွာနေ ဒေါ်ပိန်(၄၃)နှစ်တွင် ဝဲ/ယာတင်ပါး၊ ဝဲခြေသလုံး ဗုံးစဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့။