“စစ်ပွဲမှာ အနိုင်အရှုံးမရှိဘူး၊ ရပ်သွားတယ်၊ ဆက်တိုက်တယ်၊ အိမ်ပြန်တယ်၊ ဒါပဲရှိတယ်၊ ငါ့အတွက်ကတော့ အိမ်ပြန်ရရင် စစ်နိုင်တယ်လို့ သတ်မှတ်တယ်”
Sky Boys ရုပ်ရှင်ကား၏ ဇာတ်ဝင်ခန်းတစ်ခန်းတွင်ပါသော စကားလုံးအချို့ဖြစ်သည်။ ကမ္ဘာတစ်ဝန်းဖြစ်ပွားခဲ့သည့်စစ်ပွဲများကို စေ့ငုကြည့်လျှင် အကြောင်းအရာမျိုးစုံကြောင့်ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။
နယ်မြေလုရင်းဖြစ်ကြသည့်စစ်ပွဲ၊ ဘာသာရေးကြောင့်ဖြစ်ကြသည့်စစ်ပွဲ၊ နယ်မြေချဲ့ထွင်လိုခြင်းကြောင့် ဖြစ်ကြသည့်စစ်ပွဲ စသည်ဖြင့် စစ်ပွဲမျိုးစုံတို့ဖြစ်ပွားခဲ့ကြသည်။ စစ်ပွဲဟူသည် မည်သည့်အကြောင်းကြောင့်ပင် ဖြစ်ပွားသည်ဖြစ်စေ ရှေ့ဆုံးကအသက်ပေးရသူများက စစ်သားများပင်ဖြစ်သည်။ ထို့နောက်တွင်မှ အပြစ်မဲ့ပြည်သူများ သေကျေပျက်စီးကြရပြန်သည်။ စစ်ဟူသည့်သဘောကဖြစ်လာပြီဆိုလျှင် ငြိမ်းချမ်းမှု နတ္ထိ၊ အနိဋ္ဌာရုံအပြည့်ပင်ဖြစ်သည်။ အနိုင်၊ အရှုံးကိုအသာထား၍ အသက်ရှင်လျက် အိမ်ပြန်နိုင်ဖို့ပင် မသေချာ။
ကျွန်တော်တို့နိုင်ငံသည်လည်း တစ်ချိန်က နယ်ချဲ့လာသူတို့ကြောင့် ကျွန်ဘဝသို့ ရောက်ခဲ့ရဖူးသည်။ တပ်မတော်နှင့်ပြည်သူ တွဲလက်ညီညီဖြင့် ထိုနယ်ချဲ့တို့ကိုတိုက်ထုတ်တော်လှန်ခဲ့ရာတွင်တော့ အသက်ပေါင်းများစွာ စတေးခဲ့ကြရသည်။ ထိုနေရာတွင် အသက်ပေးရသည်ဆိုသည့်စကားရပ်က စာတွင်ရေးပြသလောက် လွယ်ကူလှသည်တော့မဟုတ်။
လူတိုင်းကိုယ်စီ တန်ဖိုးအထားရဆုံးသော ‘အသက်’ ကို ပေးဆပ်နိုင်ခြင်းဆိုသည်က တော်ရုံတန်ရုံ စဉ်းစားရန်ပင် မဝံ့ရဲသောအနေအထားဖြစ်သည်။ အဲဒီအသက်တွေကို တိုင်းပြည်လွတ်လပ်ရေးအတွက် မွန်မြတ်လေးနက်စွာ ပေးလှူခဲ့ကြသူတွေကိုလည်း အလေးအမြတ်ပြု ဦးညွှတ်ရပါ၏။
တိုင်းပြည်လွတ်လပ်ရေးရပြန်တော့လည်း လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် ပြည်တွင်းဆူပူသောင်းကျန်းမှုတွေ၊ ကျူးကျော်နယ်ချဲ့လာမှုတွေမှာလည်း တပ်မတော်က ပြည်သူနှင့်လက်တွဲပြီး တွန်းလှန်တိုက်ခိုက်ခဲ့ရသည်မှာ ယနေ့တိုင် မချုပ်ငြိမ်းနိုင်သေး။
လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် နာမတည်ခဲ့သော ‘တော်လှန်ရေး’ ဟူသည့်အမည်မွန်ကို လွဲမှားသုံးစွဲကာ အယူဝါဒစွဲအမှားတွေ၊ လူမျိုးစွဲတွေလက်ကိုင်ပြုပြီး ပြည်ပသြဇာခံ၍ လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်နေကြသည်မှာလည်း စိတ်မချမ်းမြေ့ဖွယ်ပင်ဖြစ်သည်။
အမှန်တော့ လက်နက်ကိုင်တိုက်ခိုက်နေကြသူများနှင့် တပ်မတော်သားများအကြား ဘယ်လိုရန်ငြိုးရန်စမှ ရှိခဲ့ဖူးသည်မဟုတ်။ ယုတ်စွအဆုံး အချင်းချင်းပင်လျှင် မြင်ဖူးကြသည်လည်း မဟုတ်ပါချေ။ တပ်မတော်ဆိုတာကတော့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုကြည့်နေရသည်မဟုတ်၊ တိုင်းပြည်မျက်နှာကိုသာ မမှိတ်မသုန်ကြည့်နေရတာဖြစ်သည်။ သေချာသည်ကတော့ အကြောင်းအမျိုးမျိုး၊ ခံယူချက် ယုံကြည်ချက်အမျိုးမျိုးကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေအုံးမှာဖြစ်သည်။ ရုပ်ရှင်ဇာတ်ဝင်ခန်းထဲမှာ ဆိုခဲ့သလို အနိုင်အရှုံးမရှိ၊ ရပ်သွားလိုက်၊ ဆက်တိုက်လိုက်ပင် ဖြစ်နေမည်မှာလည်း အသေအချာပင်။
+++++
ကိုင်းညွတ်ကျနေသည့်ဝါးကိုင်းရှိ ဝါးရွက်လေးများပေါ်ကနေ နှင်းရေဥတို့က လမ်းမပေါ်ဆီ တစ်လှမ်းချင်းဆင်းနေကြချိန်၊ မွှန်ရှပြင်းထန်လှသော ယမ်းခိုးယမ်းငွေ့တို့ ကွယ်ပျောက်ကြည်လင်နေချိန်၊ ကချင်ပြည်နယ်၏ တောတောင်တစ်ခွင် ငှက်ကျေးတို့ အသံပေးမြူးရွှင်နေကြချိန်လို့ပင် ဆိုရပေမည်။ အဲဒီအချိန်က ၂၀၁၃ ခုနှစ် နှစ်ကုန်ခါနီးတွင်ဖြစ်သည်။ ကျွန်တော်တို့တပ်တွေ လဂျားယန်ဒေသရှိ ခရာဘွမ်တောင်ကြောကို သိမ်းပိုက်အပြီး လမ်းကြောင်းလုံခြုံရေးယူနေစဉ် ကေအိုင်အေအရာရှိအဆင့်ဦးစီး အဖွဲ့တစ်ဖွဲ့က ကျွန်တော်တို့နေရာယူထားသည့် လမ်းဘေးတောစပ်ဆီကနေ အချက်ပြအသံပေးပြီး ဖောက်ထွက်လာခဲ့သည်။
“ယောက်ဖရေ၊ ငါတို့သွားလို့ရလား” ဆိုသည့်အသံနှင့် “ရတယ်ဟေ့” ဟူသောခွင့်ပြုသံအဆုံး ကေအိုင်အေအဖွဲ့တွေ အနားရောက်လာသည်။ ကျွန်တော်တို့ဘက်ကလည်း ပစ်ခတ်ခြင်းမပြု၊ သူတို့ကလည်း ချောင်းမြောင်းပစ်ခတ်မှုမပြုဘဲ ယုံကြည်မှုတို့ ဖလှယ်ကူးလူးခဲ့ကြဖူးသည်။ လမ်းပေါ်ရောက်လာတော့ အချင်းချင်းလက်ဆွဲနှုတ်ဆက်၊ ပခုံးဖက်ကာ ကီးပက်ဖုန်းလေးများဖြင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ၊ စကားတွေပြောကြသည်။ အဲဒီအချိန်က နှစ်ဖက်အဖွဲ့အစည်းရင်တွင် ကြည်နူးဖွယ်ရာ ယုံကြည်မှုရင်ခတ်လှိုင်းတို့ ကိုယ်စီစီးဆင်းခဲ့ကြဖူးသည်။ ဒါသည်ကိုပင် ရပ်နားချိန်ဟု အတိအကျဆိုရမည်ဖြစ်သည်။
+++++
ငြိမ်းချမ်းရေးဆိုသည်ကို စစ်မြေပြင်တွင်တိုက်ပွဲဝင်နေရသူတို့ထက် လိုလားတောင့်တသူမရှိနိုင်သည်က မြေကြီးလက်ခတ်မလွဲပင်။ စိတ်၏ငြိမ်းချမ်းခြင်း၊ ကိုယ်၏ငြိမ်းချမ်းခြင်းတို့ကို ရှာဖွေနိုင်ဖို့ဝေးစွ၊ မိသားစုနှင့် ငြိမ်းအေးစွာနေနိုင်ဖို့ပင် ရဲရဲမတွေးနိုင်ကြသေးသောဘဝများကား ဒုနှင့်ဒေး။
ကျွန်တော့်အလိုဆန္ဒအရဆိုလျှင် တပ်မတော်သားများအားလုံး ကိုယ်စီအိမ်ပြန်နိုင်စေလိုသည်။ နေ့စဉ်ဘုရားဝတ်ပြုရာတွင်ပင် ရှေ့တန်းစစ်မြေပြင်တွင်ရောက်ရှိနေသော တပ်မတော်သားများအားလုံး ဘေးအန္တရာယ်ကင်းဝေးကြပါစေကြောင်းနှင့် မိသားစုများနှင့်အတူ ငြိမ်းချမ်းစွာနေထိုင်နိုင်ကြပါစေကြောင်း အမြဲဆုတောင်းဖြစ်သည်။
ဆရာသမားတစ်ဦးပြောဖူးသည့်စကားတစ်ခွန်းက “ငါ ဘာအကျိုးအမြတ်မှမလိုချင်ဘူး၊ ငါ့စစ်သည်၊ အရာရှိတွေ အိမ်ထောင်သည်ဆိုရင် သူ့မိသားစုလက်ထဲကို မှဲ့တစ်ပေါက်မစွန်းဘဲ ပြန်ထည့်ပေးနိုင်တာရယ်၊ လူပျိုဆိုရင် သူ့မိဘလက်ထဲကို မှဲ့တစ်ပေါက်မစွန်းဘဲ ပြန်ထည့်ပေးနိုင်တာပဲ ငါလိုချင်တယ်” ဆိုသည့်စကားလို အားလုံး မိသားစုနှင့် အတူပြန်ဆုံစေလိုသည်က ကိုယ်တိုင်ခံစားဖူးသော ကိုယ်ချင်းစာတရားအစစ်ပင်ဖြစ်သည်။
+++++
“ဒီတစ်ခေါက် စစ်ဆင်ရေးကပြန်ရင် ကျွန်တော့်အိမ် လိုက်လည်ပါအုံး၊ ရှယ်ပြုစုပါ့မယ်”
“အခုချိန်ဆို ကျွန်တော့်သားလေး တော်တော်စကားတတ်နေလောက်ပြီ၊ လွမ်းလိုက်တာဗျာ”
“အမေ့လက်ရာ ငါးခူငါးပိချက်လေးကို လွမ်းလိုက်တာ၊ အခုတစ်ခေါက် နောက်တန်းပြန်ဝင်ရင်တော့ အမေ့ဆီရောက်အောင်ပြန်အုံးမယ်ဗျာ”
ဆောက်လက်စအိမ်အကြောင်းပြောရင်း သူ့အိမ်ကိုအလည်လာဖို့ဖိတ်သည့် အိမ်တစ်လုံးပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားနေသောသူမှာ သူ့အိမ်အသစ်ကလေးကိုပင် မြင်မသွားရရှာခဲ့။
စကားတတ်နေတော့မည့် သားတော်မောင်ကို လွမ်းတသူမှာလည်း သားငယ်၏ ‘အဖေ’ ဟု နွေးနွေးထွေးထွေးခေါ်မည့်အသံကို ပြုံးပြုံးကြီးမခံယူနိုင်ခဲ့တော့။
အမေ့အိမ်နှင့် အမေ့လက်ရာ ငါးခူငါးပိချက်ကလေးတစ်ခွက်ကို မှန်းဆရင်း ချမ်းမြစွာပြန်ဆုံနိုင်မည့်နေ့ကို မျှော်နေသူမှာလည်း အမေ့အိမ်ကို ဘယ်တော့မှရှာမတွေ့နိုင်ခဲ့တော့။
အဲဒီလိုစွန့်လွှတ်သွားကြရသည့်ဘဝတွေကို စိတ်မချမ်းမြေ့စွာ အများကြီးကြုံတွေ့ခဲ့ရဖူးသည်။
နိုင်ငံရေးကို သူတို့နားမလည်၊ မကြည်မဖြူ သိမ်းကျုံးဆဲဆိုနေကြသည်ကိုလည်း သူတို့ဂရုမထား။ သူတို့သိတာက တာဝန်နှင့် သူတို့ခိုနားရမည့် အသိုက်အမြုံကို အေးချမ်းစေလိုတာပဲဖြစ်သည်။ ခိုနားရမည့် အသိုက်အမြုံဆိုသည်က မိသားစုနှင့်တိုင်းပြည်ပဲဖြစ်သည်။ တိုင်းပြည်ဆိုသည့် အသိုက်အမြုံကြီးအေးချမ်းဖို့ သူတို့မိသားစုအသိုက်အမြုံလေးကို ခွဲခွာစွန့်လွှတ်ခဲ့ကြရတာဖြစ်သည်။
မိသားစုဘဝနှင့် ပျော်ရွှင်သိုက်ဝန်းစွာ နေထိုင်ကြရသူများကိုတွေ့လျှင် မိသားစုနှင့် စွန့်လွှတ်ခွဲခွာခဲ့ရသည့်သူများကို သတိရမိသည်။ ဖြစ်လေရာဘဝတိုင်းတွင် မိသားစုဘဝကို ပြည့်ပြည့်စုံစုံရနိုင်ပါစေဟုလည်း ဆုတောင်းမိသည်။
မိသားစု၊ အိမ်၊ ဆွေမျိုးဉာတိ၊ အသိုင်းအဝိုင်းအားလုံးကိုချန်ခဲ့ပြီး ပေးဆပ်စွန့်လွှတ်ရင်း ဘာပိုင်ဆိုင်မှုမှမရှိဘဲ ထွက်သွားရတဲ့အညတရတွေကို လေးစားရသလို စွန့်လွှတ်ပေးဆပ်နေကြဆဲသူတွေအတွက်လည်း ဂုဏ်ယူမိရသည်။
စစ်ပွဲမှာ အနိုင်အရှုံး ရှိခြင်း မရှိခြင်း၊ ရပ်ခြင်း မရပ်ခြင်း၊ ဆက်တိုက်ခြင်း မတိုက်ခြင်းထက် ရဲဘော်အားလုံး မိသားစုရှိသောအိမ်ဆီ ပျော်ပျော်ရွှင်ရွှင်ပြန်နိုင်ကြစေချင်သည့် လိုလားတောင့်တမှု အောင်မြင်ပြည့်စုံဖို့ ကျွန်တော့်နှလုံးသားအတွင်း ဆင်နွှဲနေသည့် ဆန္ဒစစ်ပွဲမှာတော့ ယခုအထိ အနိုင်မရသေးပါချေ။ ။