အစ္စရေးတိုက်ခိုက်မှုကြောင့် တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဆက်ဆံရေးတင်းမာ

တောင်နဲ့မြောက်ကိုရီးယားတို့အကြားမှာ “2018 inter-Korean military agreement” ဆိုပြီး စစ်ရေးသဘောတူညီချက်ယူထားတာရှိပါတယ်။

အဲ့ဒီတုန်းက တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းတို့ အကြားရင်းနှီးမှုရှိလာပြီးနေရက် နှစ်နိုင်ငံတပ်တွေအကြား ကြည်းရေလေကြားခံဇုံထားပြီး ထိတွေ့မှုလျော့ချဖို့ သဘောတူထားတာပါ။

လက်ရှိကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုး (Yoon Suk Yeol) က အသစ်ခန့်အပ်လိုက်တဲ့ ကာကွယ်ရေးဝန်ကြီး ရှင်းဝမ်ရှစ်ခ် (Shin Won-shik) က ယနေ့အင်္ဂါနေ့မှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးရှင်းဟာ ၂၀၁၆ ခုနှစ်မှာ တောင်ကိုရီးယားစစ်တပ်မှ ဗိုလ်ချုပ်ရာထူးနဲ့အနားယူခဲ့သူဖြစ်ပါတယ်။

ရှင်းဟာ အရင်က တောင်ကိုရီးယားရဲ့မြောက်ဘက်အပေါ်ထားခဲ့တဲ့ ပျော့ပြောင်းတဲ့သဘောထားကို လက်မခံသူဖြစ်ပါတယ်။

အထူးသဖြင့် အဲ့ဒီသဘောတူညီချက်မှာပါတဲ့ လေယာဉ်မပျံသန်းရဇုံ (no-fly zones) တွေဟာ မြောက်ကိုရီးယားဘက်က ရုတ်တရက်ဝင်တိုက်မှုကို ကာကွယ်ဟန့်တားဖို့ နှောင့်နှေးစေလိမ့်မယ်လို့ သူကမြင်ပါတယ်။

၂၀၁၈ စက်တင်ဘာ သဘောတူချက် ပြီးနောက် တောင်နဲ့မြောက်ထိတွေ့ပြဿနာတက်မှုလျော့ကျခဲ့ပေမဲ့ မြောက်ဖက်က ရန်လိုမှုတွေပြုလုပ်ခဲ့တာရှိပါတယ်။

၂၀၂၀ ဇွန်လမှာ မြောက်ကိုရီးယားဘက်က Kaesong နယ်စပ်မြို့နားက တောင်မြောက်ဆက်ဆံရေးရုံးအလွတ် (inter-Korean liaison office) ကို ဖောက်ခွဲဖျက်ဆီးခဲ့ဖူးပါတယ်။

မနှစ်ကနိုဝင်ဘာလမှာ မြောက်ဖက်က သဘောတူညီချက်ကိုချိုးဖောက်ပြီး တောင်ဖက်ကလူထူထပ်ရာကျွန်းအနီးကို ဒုံးကျည်ပစ်လွှတ်ခဲ့လို့ လေကြောင်းကာကွယ်ရေးဆော်ဩပြီး လူတွေရွှေ့ပြောင်းခဲ့ရပါသေးတယ်။

ဒီနှစ် စက်တင်ဘာလကလည်း တောင်မြောက်ပယ်လယ်နယ်နမိတ်နားမှာ မျောနေတဲ့ တောင်ကိုရီးယားအရာရှိတစ်ယောက်ကို မြောက်ဖက်ကပစ်သတ်ခဲ့ပါသေးတယ်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးရှင်းက မြောက်ဖက်ကအချိန်မရွေးဝင်တိုက်လာနိုင်တာကို ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်ဖို့လိုကြောင်း တပ်လှန့်သတိပေးလိုက်တာဖြစ်ပါတယ်။

အစ္စရေးဟာ ရန်သူတွေဝိုင်းရံနေပြီး တောင်ကိုရီးယားလည်း အတူတူပဲလို့ ဆိုလိုက်ပါတယ်။ အစ္စရေးထောက်လှမ်းရေးမော့ဆက်ဟာ ဟာမတ်စ်တို့ရဲ့ ဝင်ရောက်တိုက်ခိုက်မှုကို မထောက်လှမ်းနိုင်ခဲ့၊ ကြိုတင်မကာကွယ်နိုင်ခဲ့တာမို့ တောင်ကိုရီးယားက ဒါမျိုးအဖြစ်မခံနိုင်ပဲ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်လို့ ဆိုပါတယ်။

လူတွေအားလုံးက ဂါဇာကမ်းမြောင်ဒေသကို အာရုံစိုက်နေချိန်မှာ မြောက်ဘက်က တောင်ကိုရီးယားကို အချိန်မရွေး အလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

အခုရက်ပိုင်း ထောက်လှမ်းရေးဂြိုဟ်တုပုံတွေအရ မြောက်ကိုရီးယားနဲ့ရုရှားအကြား ရထားအသွားအလာအရမ်းကိုများနေပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ရုရှားဘက်ကို ယူကရိန်းစစ်ပွဲမှာသုံးဖို့ လက်နက်ခဲယမ်းတွေ တင်ပို့နေပုံရတယ်လို့ ဆိုပါတယ်။

အမေရိကန်လေယာဉ်တင်သင်္ဘောကြီး USS Ronald Reagan နဲ့တိုက်ခိုက်ရေးသင်္ဘောအုပ်စုဟာ တောင်ကိုရီးယား Busan ကို လာမယ့်ကြာသပတေးနေ့မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်ရေတပ်သင်္ဘောတွေဟာ တောင်ကိုရီးယား Jeju ကျွန်းနားမှာ နောက်အပတ် တနင်္လာနဲ့အင်္ဂါနေ့များမှာ ပူးတွဲစစ်ရေးလေ့ကျင့်ကြမှာဖြစ်ပါတယ်။

အခုလိုပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ဖက်ကဒေါသတကြီး တုန့်ပြန်အုံးမှာဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ဂယက်ဟာ ပထမဆုံးကိုရီးယားကျွန်းဆွယ်သို့ လာရောက်ရိုက်ခတ်ပြီဖြစ်ပါကြောင်းနဲ့ အခြားဒေသတွေကိုပါ ရိုက်ခတ်အုံးမှာဖြစ်ပါတယ်။

Richard Myo Thant
10-October -2023

RichardMyoThant