စစ်သူရဲတို့ခင်းတဲ့ဗျူဟာ (မင်းထက်ကျော်ဇော) (အပိုင်း ၁)

“အလေးပြု”

ကျောင်းဆင်းခါစ ဒုဗိုလ်ပေါက်စ သက်တင် တပ်ရင်းဗဟိုကင်းက လှမ်းအလေးပြု သံကြောင့် ကပြာကယာပြန်လည်အလေးပြုရင်းနှင့် ခေါင်းခန်းမှနေ ဆက်လက် လိုက်ပါလာသည်။ ဒီနေ့ သူတို့ စစ်တက္ကသိုလ် အမှတ်စဉ် (၅၀) ကျောင်းဆင်းပြီးပြီးချင်း တာ၀န်ကျရာ မိခင်တပ်ရင်းဖြစ်သည့် ခမရ (၂၀၁) ခြေမြန်တပ်ရင်း ဆီသို့သတင်းပို့ရသည့် ရက်ပင်။

“ဗိုလ်ကြီး …. အဲ့ဒါတပ်ရင်းရုံးပဲ
ဒီမှာဆင်းသတင်းပို့ရမှာ”

ဘားအံ အဝေးပြေးဂိတ်မှလာကြိုပြီး တပ်ရင်းရုံးဂိတ်ထိခေါ်ဆောင်လာသော Lanjan ကားသမား ဒုတပ်ကြပ်က ကားကိုရပ်ကာ စကားဆိုသောကြောင့် ဒုဗိုလ် သက်တင် ခေါင်းကိုငြိမ့်ရင်း ကားပေါ်မှအလျှင်အမြန်ဆင်းကာ ကားဆရာ ပြောသည့်တပ်ရင်းရုံးတွင်းသို့ ချီတက်ခဲ့သည်။

“ဆရာကြီး …. ကျွန်တော်
ကျောင်းဆင်း အရာရှိအသစ်ပါဗျ
ဒီတပ်ကိုတာ၀န်ကျလို့ သတင်းလာပို့တာပါ”

“တပ်ရင်းအရာခံဗိုလ်” ဆိုင်းပုဒ်တပ်ဆင်ထားသော အခန်းတစ်ခန်းတွင်းရှိ စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်ခုံတွင် ငုတ်တုတ်ထိုင်နေသော အရာခံဗိုလ်ပွင့် တပ်ဆင်ထားသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို သက်တင် လှမ်းပြောလိုက်သည်။

“သြော် …. ဟုတ်ဟုတ်
ဗိုလ်ကြီး …. တပ်ရေးဗိုလ်ကြီးဆီမှာ
သတင်းပို့ရမှာခင်ဗျ။
လာ..လာ …. ကျွန်တော်လိုက်ပို့မယ်”

သက်တင် ရင်ထဲနည်းနည်းတော့ပျော်သွားသည်။ ကူရာမဲ့နေသော သူ့အတွက် RSM ကြီးလိုက်ပို့မည်ဆိုတော့ တော်သေးသည်။ စိတ်ထဲကစဉ်းစားရင်းနဲ့ ရုံးခန်းထောင့် ချိုးတစ်ခုကို ကွေ့လိုက်ပြီး အခန်းငယ်တစ်ခုကို ထပ်မံ၀င်သွားတော့ ဆေးလိပ်ကို ဟန်ပါပါသောက်ရင်း ရုံးတွင်းစာကို ဖတ်နေသည့် စွပ်ကျယ်ဂျိုင်းပြတ်နှင့် ဆရာသမား တစ်ယောက်ကိုထပ်တွေ့သည်။

“ဗိုလ်ကြီး …. ကျောင်းဆင်းအရာရှိသစ်
ရောက်ပါပြီခင်ဗျ”

အတူပါလာသော RSM ကြီးက လက်တင်အလေးပြုပြီးသတင်းပို့တော့မှ ဒီလူဟာ တပ်ရေးဗိုလ်ကြီးဖြစ်မယ်နဲ့တူတယ်ဆိုပြီး သက်တင်တွေးမိကာ အလေးပြုလေသည်။

“သြော် …. မင်းတို့တောင်ရောက်ပြီကို
အပတ်စဉ် (၅၀) ဟုတ်လား
နာမည်က …. သက်တင်”

အနှီတပ်ရေးဗိုလ်ကြီးက သက်တင်ကို ရှုတည်သောမျက်နှာထားနှင့်ကြည့်ပြီး စကားစဆိုသည်။

“ဟုတ် …”

စစ်တက္ကသိုလ် ဗိုလ်လောင်း ပထမနှစ် ကျောင်းသားနှယ် မျက်လုံးလေး ကလယ် ကလယ်နှင့် ဟုတ်တစ်လုံးကို စဖြေသည်။

“ဟေ့ကောင် ….
ဟုတ် / မဟုတ် လာလုပ်မနေနဲ့
မင်းက ဘာကိစ္စ Combat Boot မစီးတာလဲ”

သက်တင်နှင့် တပ်ရေး အဲ့မှာစတွေ့ပြီ။ ကျောင်းဆင်းစ ဒုဗိုလ်၊ ပခုံးပေါ်က တစ်ပွင့်တည်းသော ရွှေကြယ်ပွင့်လေးကိုတင် မြောက်ကြွမြောက်ကြွနှင့် ရှုးကလေး စီးကာ သတင်းပို့လိုက်တာပဲ သူ့အမှားလေလား။

“ဟိုဟာ …..
ကျွန်တော်က ရှုး စီးရမယ် ……”

စကားတောင်မဆုံးလိုက် တပ်ရေးဗိုလ်ကြီးက ဖြတ်ပြောသည်။

“ဒီမှာ …. ငါ့ညီ
ဒို့တပ်မှာ အစဉ်အလာရှိတယ်ကွ
ကျောင်းဆင်းဒုဗိုလ်က Shoe မစီးရဘူး
Combat Boot ပဲစီးရမှာ …. မင်းခုချက်ချင်း ဖိနပ်သွားလဲချေ”

ကျောင်းမှာ နောက်ဆုံးနှစ်ဆိုပြီး Role အပြည့်ယူခဲ့မိသမျှ ခံရချေပြီ။ မတတ်နိုင်။ ကိုယ်က မနေ့တစ်နေ့ကမှ စစ်ဗိုလ်ဖြစ်တာ။ BC နံပါတ်က မှင်တောင်မခြောက်သေး ဆိုတော့လည်း စီနီယာအမိန့်အတိုင်းသာ။

“ဟေ့ …. ခဏနေဦး
မင်း Combat Boat လဲပြီး
ငါ့သတင်းမပို့နဲ့တော့ …..
မင်းကို ခွဲ (၂) မှာတပ်စုမှူးထားပါဆိုပြီး
တပ်ရင်းမှူးက ရတ ကနေညွှန်ကြားထားတာရှိတယ်
အာ့ …. မင်းဖိနပ်လဲပြီးတာနဲ့ ခွဲ(၂) အခန်းကိုသွားလိုက်
အဲ့မှာ …. မင်းစီနီယာတစ်ယောက်ရှိတယ်”

တပ်ရေးဗိုလ်ကြီးညွှန်ကြားချက်အတိုင်းအလေးပြုပြီး အခန်းထဲကအမြန်ထွက်ပြီး ကားဆီကိုပြေး။ သေတ္တာကိုဖွင့်ကာ ဖိနပ်အမြန်လဲသည်။ ကားခေါင်းခန်းထဲက ဆရာကား ကတော့ သူ့ကိုကြည့်ကာ ပြုံးစိ ပြုံးစိနဲ့။

“ဗိုလ်ကြီး ချစ်ပိုင် နဲ့ မိလာပြီထင်တယ်”

ဆရာကားရဲ့ စကားကြောင့်သာ တပ်ရေးဗိုလ်ကြီးနာမည်ကို ချစ်ပိုင်မှန်း သက်တင်သိလိုက်သည်။ လောလောနှင့်ထွက်လာရသဖြင့် နာမည်မမေးမိလိုက်လေခြင်း။

“ဆရာကား …. ခွဲ(၂) အခန်းကဘယ်မှာတုန်းဗျ
နောက်ပြီး …. အဲ့ကအရာရှိနာမည်ဘယ်သူတုန်း”

သူသွားရမည့်အခန်းနဲ့ အရာရှိနာမည်ကိုလှမ်းမေးတော့ ကားဆရာက ဖြေသည်။

“ခွဲ(၂)ရုံးခန်းက ဟိုမှာတွေ့ရတဲ့အခန်းပဲဗျ
ဗိုလ်ကြီးနာမည်ကတော့ မောင်ဇော်ပါ”

ဘာပဲဖြစ်ဖြစ် သတင်းအချက်အလက်ကြိုသိထားတော့ သက်တင်အတွက် အကူအညီဖြစ်စေမှာအမှန်ပင်။ Combat Boot လဲပြီးနောက် သက်တင် ဆရာကား ပြထားသည့် ရုံးခန်းကို၀င်ရောက်လိုက်တော့ အထဲမှာ သုံးပွင့်တပ်အရာရှိတစ်ယောက် ကိုထပ်မံတွေ့ရသည်။ ဒီဆရာသမားကတော့ ခုနက စီနီယာနှင့်မတူ။ ယူနီဖောင်းကို ပြည့်စုံစွာ၀တ်စားဆင်ယင်ထားပြီး ရှုးဖိနပ်ကိုစီးထားကာ ဟန်ပါပါနှင့်ပင်။

“၀င်ခွင့်ပြုပါ”

ကျောင်းတော်မှာသင်ကြားထားသည့် ၀င်ခွင့်/ထွက်ခွင့် တောင်းခြင်းကို ဒီနေရာမှာ လက်တွေ့ကျကျ အသုံးချလိုက်သည်။

“အော် …. အေးအေး
ကျောင်းဆင်း ဒုဗိုလ်ထင်တယ်
ထိုင် ဟေ့ကောင် …..”

ဗိုလ်ကြီးမောင်ဇော်ကတော့ စကားသံကားခပ်မာမာပင်။ တပ်ရေးဗိုလ်ကြီးနှင့် မတူ။ သူ့ရှေ့တွင်ရှိသော ထိုင်ခုံတစ်လုံးကို မျက်စိနှင့်ပြကာ ထိုင်ခိုင်းတော့ သက်တင်လည်း ၀င်ထိုင်လိုက်သည်။

“အေး …. ငါ့တပ်ခွဲမှာလည်း
ဒုဗိုလ်နဲ့ ဗိုလ်တွေချည်းပဲ
မင်းဒီမှာ တစ်လလောက်တော့နေရမယ်
ဦး/ရေး/ထောက် လေ့လာထား
လကုန် လစာပေးအဖွဲ့နဲ့အတူ ငါလည်း ရတလိုက်မှာ
မင်းတစ်ခါတည်းလိုက်ခဲ့ချေ။
လောလောဆယ်တော့ …. ဒီတပ်မှာ မင်းအငယ်ဆုံးအရာရှိဖြစ်တဲ့အတွက်
ကိစ္စကြီးငယ်မှန်သမျှ ခိုင်းမယ်။ မင်းလိုက်လုပ်ချေ
ကြားလား …..”

လကုန်လောက် ရတ တက်ရမည်ဆိုတော့ သက်တင် ပျော်သွားသည်။ တကယ် တမ်းတော့ သက်တင် ဝါသနာပါတာ စစ်တိုက်ရတာ။ ရုံးမှာထိုင်ပြီး Staffအလုပ် လုပ်ချင်ခဲ့တာမဟုတ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်လတော့ နောက်တန်းမှာ ကြိတ်မှိတ်နေပြီး သည်းခံလိုက်မည်ဟု စိတ်ထဲတွေးမိသည်။

“မင်း …. ဌနခခွဲမှူးနဲ့တွေ့ပြီးပြီလား”

ဗိုလ်ကြီးမောင်ဇော်၏မေးသံဆုံးတော့ သက်တင်ပြန်ဖြေသည်။

“မတွေ့ရသေးပါဘူး …. အစ်ကိုကြီး”

သက်တင်ဖြေသံကိုကြားတော့ ဗိုလ်ကြီးမောင်ဇော် ခေါင်းကိုထောင်ကာ အခန်းအပြင်ဘက်ကို လှမ်းကြည့်ရင်းပြောသည်။

“အော် …. အေး
ဒီနေ့ တပ်မ အစည်းအဝေးရှိတာပဲဟ
အာ့ကြောင့် မင်း မတွေ့ရသေးတာဖြစ်မယ်”

ပြောပြောဆိုဆိုနှင့် သက်တင် လည်း တပ်ခွဲရုံးခန်းအတွင်း ငုတ်တုတ်ထိုင်ရင်း ဟိုကြည့်ဒီကြည့်ကြည့်နေမိသည်။

“ဟေ့ကောင် …. ငုတ်တုတ်ထိုင်မနေနဲ့
သွား …. ဒေသန္တရအမိန့်နဲ့ တည်မြဲအမိန့်သွားဖတ်ချေ..
ပြီးရင် …. ငါပြန်မေးမယ်”

အတွေးနယ်ချဲ့ရမယ်တောင်မကြံသေး။ ဗိုလ်ကြီးမောင်ဇော်က လှမ်းအမိန့်ပေးသဖြင့် သက်တင် ခေါင်းကိုငြိမ့်ရင်း အုပ်ချုပ်မှုရုံးခန်းဘက်ကိုထွက်ခဲ့သည်။

“ဆရာကြီး …. ကျွန်တော်ကျောင်းဆင်းအရာရှိပါ
ဒေသန္တရအမိန့်နဲ့ တည်မြဲအမိန့်လေးဖတ်ချင်လို့ပါ”

အုပ်ချုပ်မှုရုံးအတွင်းမှ တပ်ကြပ်ကြီး/စာရေး တစ်ယောက်ကိုလှမ်းပြောရင်း စာအုပ်ကို တောင်းယူကာ ဖတ်ရှုလေသည်။ တည်မြဲအမိန့်နှင့် ဒေသန္တရအမိန့်များထဲမှ ထူးခြားသည့်အချက်များကို သက်တင် ခဲတံနှင့်လိုင်းလေးတားကာမှတ်သားရင်း စာအုပ်ထဲစိတ်၀င်နေလိုက်တာ ထမင်းစားချိန်ရောက်မှန်းတောင်မသိလိုက်။

“ဒုဗိုလ် ….. ဒုဗိုလ်
ဘယ်မှာတုန်း”

ကျယ်လောင်စွာနှင့်အော်နေသော အသံကား ဗိုလ်ကြီးမောင်ဇော် အသံဖြစ်မည် ဟု စိတ်ထဲတွေးမှတ်ရင်း ပြန်လည်ဖြေကြားလိုက်သည်။

“ရှိ …. ရှိပါတယ်ခင်ဗျ”

ဖြေလည်းဖြေ ရုံးခန်းထဲမှလည်း အပြင်သို့ထွက်ရင်း အသံလာရာလမ်းသို့လှမ်း ကြည့်လိုက်တော့ ထင်သည့်အတိုင်း ဗိုလ်ကြီးမောင်ဇော်။

“ထမင်းသွားစားကြမယ်
လာ …. လိုက်ခဲ့ချေ”

━━━━━━━━━━━━━━━━━

စီနီယာကြီးက ဒီလိုတော့လည်း ဘယ်ဆိုးလို့လဲဟု ကိုယ့်ဘာသာကိုယ်တွေး မိသည်။

“ဟုတ်ကဲ့ …. အစ်ကိုကြီး”

ဒီလိုနှင့် သက်တင် စီနီယာ ဗိုလ်ကြီးမောင်ဇော်၏ ဦးဆောင်မှုဖြင့် သူနေထိုင်ရမည့် အရာရှိရိပ်သာသို့ ချီတက်ခဲ့ကြသည်။

“ဟာ …. မေ့နေတာ
ကျွန်တော် …. ကျွန်တော့်အိတ်တွေ”

ရုတ်တရက် ထပြီး သတိရလိုက်မိသည်ကား မိမိ၏ ခရီးဆောင်အိတ်နှင့် သေတ္တာတွေ။

“အေဘေးလေး …..
ငါ ဆရာကားကို ပို့ခိုင်းလိုက်တာကြာပေါ့
ကိုယ့်ပစ္စည်းကိုယ်တောင် ခုမှသတိရတယ်
မင်းတို့နဲ့ စစ်တိုက်ရမှာတောင် လန့်တယ်”

ဗိုလ်ကြီးမောင်ဇော် ဆူမယ်ဆိုလည်း ဆူလောက်စရာပင်။ သက်တင် ကိုယ့်အမှားနှင့်ကိုယ်ဆိုတော့ စပ်ဖြဲဖြဲနှင့် ၃၂ချောင်းသောသွားတွေ ပေါ်အောင်ရယ်ပြရသည်။

“မင်းနေရမဲ့ အခန်းက
အခန်း (၆) အစွန်ဆုံးပဲ
သွား …. ဖိနပ်ခဏသွားလဲ
အရပ်၀တ်ပါလဲခဲ့ကွာ……
ထမင်းစားချိန် အေးဆေးစားလို့ရပါတယ်”

သူတို့ရဲ့နေ့လည်စာထမင်းဝိုင်းကတော့ ခပ်သွက်သွက်ခပ်မြန်မြန်ပင်။ ဒီနေ့မှ ရောက်လာသည့် ဒုဗိုလ်သက်တင် ရိပ်သာက ထမင်း/ဟင်းကောင်းမကောင်းဆိုတာကိုတောင် အကဲမခတ်နိုင်။ စီနီယာအတွက် ထမင်းဝိုင်းပြင်ရင်း ဗာဟီရလုပ်ရင်းနဲ့ပင် အချိန်ကုန်ခဲ့သည်။