ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ AA လက်နက်ကိုင်အဖွဲ့ဟာ သူတို့ရဲ့အရာရှိသင်တန်း အပတ်စဥ် (၃) သင်တန်းဆင်းပွဲကို ရခိုင်ပြည်နယ်အတွင်းမှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။ အပတ်စဥ် ( ၁/၂ )ကိုတော့ သူတို့ရဲ့ ဌာနချုပ်ရှိတဲ့ လိုင်ဇာမှာ လုပ်ခဲ့ပြီး အခု အပတ်စဥ် ( ၃ )က လူအင်အားအပါဆိုရင် အရာရှိထောင်ကျော်ရှိနေပြီး အောက်ခြေအဖွဲ့ဝင် ၃ သောင်းကျော် ရှိနေပြီဆိုပြီး AA ဘက်တော်သားတွေက ဝမ်းပန်းတသာနဲ့ပြောဆိုနေကြပါတယ်။
ဒါပေမယ့် အဲ့ဒီဝမ်းသာနေတဲ့သူတွေ မသိတာက AA အောက်ခြေအဖွဲ့ဝင်တွေ နေ့စဥ်နဲ့အမျှ ထွက်ပြေးနေကြတယ်လို့ ခိုင်မာတဲ့သတင်းရင်းမြစ်တွေကနေ ကြားနေရပါတယ်။ ULA/AA အဖွဲ့မှာ အထက်အောက် မမျှမတဆက်ဆံမှု၊ အစာရေစာရှားပါးငတ်ပြတ်မှု၊ မိသားစုနဲ့ ဆက်သွယ်ခွင့်မပေးတာ ၊ ULA က လူတွေကို AA က လူတွေ မကျေနပ်မှုစတဲ့ များစွာသောအကြောင်းတွေကြောင့် ထွက်ပြေးနေမှုတွေ များနေတယ်လို့ သိရတယ်။ ထွက်ပြေးကြတဲ့သူ အများစုကလည်း ထိုင်းနဲ့ မလေးကဲ့သို့သော နိုင်ငံတွေထိ အပျောက်ပြေးကြတယ်တဲ့။ တစ်ချို့ဆိုရင် စိတ်ဖိစီးမှုများပြီး ကျဥ်းကြပ်တာကြောင့် ကိုယ့်ကိုကိုယ် သတ်သေတဲ့အထိ ရှိကြတယ်လို့ သူတို့နဲ့နီးစပ်သူတွေဆီက တစ်ဆင့်ကြားရပါသေးတယ်။
အဲ့လို AA အဖွဲ့တွေ ထွက်ပြေးနေကြတယ်ဆိုတဲ့ သတင်းကိုတော့ ရခိုင်ဒေသတွင်းသတင်းတွေမှာတွေ့ရမှာ မဟုတ်ပဲ AA အဖွဲ့အတွင်း ပြိုကွဲနေတာတွေကို ဖုံးဖိထားပါတယ် (တစ်ချို့သတင်းPageဆို တင်ပြီးသားသတင်းကို ပြန်ဖြုတ်လိုက်ရတာတွေလည်း ရှိပါတယ်)။ အခုလို သင်တန်းဆင်းတာတွေ၊ အင်းအားဘယ်လောက်ရှိနေပါပြီဆိုတာတွေကို ဝါဒဖြန့်ပြီး စုဆောင်းနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင်တန်းက ၃၀၀ လောက်ဆင်းပေမယ့် နေ့စဥ်နဲ့အမျှ ထွက်ပြေးနေတဲ့သူအင်အားက ပိုများနေတာကြောင့် ပလိုင်းပေါက်နဲ့ဖားကောက်နေတဲ့ ပုံစံဖြစ်နေပီလို့ပဲ ဖော်ပြပေးလိုက်ရပါတယ်။