မေတ္တာထက်စွမ်းသော လက်နက်မရှိပါ
ကိုယ့်လိုအပ်ချက်နဲ့အတူ
မသိမသာလေး ပူနေသူအချင်းချင်း
အပူသက်သာဖို့ မေတ္တာပေးလိုက်ပါ..။
ပေးလိုက်တဲ့မေတ္တာ
လူမရွေးနဲ့ အရောင်မပါစေနဲ့ပေါ့..။
စိတ်နေသဘောထားမတူညီလို့
လျှောက်တဲ့လမ်း မတူလည်း
တူညီတာတစ်ခုက သေလမ်းမို့
မသေခင် မေတ္တာပေးဖို့ မတွန့်တိုနဲ့ပေါ့..။
အတိတ်ရေစက်နဲ့
ကံတရားပေါင်းစပ်လို့
ဒီဘဝလာဆုံကြရတာဟာ
သွေးမစပ်ပေမယ့် အားလုံးကဆွေမျိုး
တွေချည်းပါ။
ဒါ့ကြောင့်.
စိတ်ကိုညစ်နွမ်းစေတဲ့
အမုန်းတွေ အာဃာတတွေ ခဝါချ
မနာလို မနှစ်သက်တာတွေ မေ့ပြစ်
ကောင်းကျိုးမလိုလားရင်လည်း
ခြေထိုးမခံနဲ့ အဆိုးဘက် တွန်းမပို့နဲ့ပေါ့..
မေတ္တာရှိရာ မေတ္တာလာ
မေတ္တာထက် စွမ်းတဲ့လက်နှက်ရှိလို့လား?
မေတ္တာနဲ့ မနေလို့
ဒေါ်သ,အမုန်းတရားနဲ့
အလိုမကျခြင်းတွေမွေးထားရင်
အကုသိုလ်တွေနဲ့ ဝဋ္ဋ်ကြွေးတွေ
မဖိတ်ခေါ်ဘဲ ရောက်လာတတ်လို့ပါ..။
သဗ်ဗေ သတ်တာ ကမ်မသကာ
ကိုယ့်ကံနဲ့ကိုယ် လာကြတာမို့
အပူသည်အချင်းချင်း
မေတ္တာပေးနိုင်သူက အရင်အေးချမ်း
ရမှာမဟုတ်ပါလား?
စိတ်နှလုံး အေးချမ်းကြပါစေ
မေတ္တာဖြင့်..#အရှင်နန္ဒိယ(သာကီနွယ်)