(၅)
ဆရာသည် မန္တလေးသား ပီသစွာ စကားပြောကြွယ်ပြီး အသုံးအနှုန်း ယဥ်ကျေးလှသည်။ အရာရှိ စစ်သည်များကို " လူလေး" ဟုခေါ်ပြီး အမျိုး သမီးများကိုမူ " လုံမလေး" ဟု ခေါ်ဝေါ်ပါသည်။
"ဒါက ဘာများထူးဆန်းလို့လဲ" ဟုမေးစရာရှိပါသည်။ ခုလို လူလေးတို့ လုံမလေးတို့ ခေါ်တာက နန်းဆန်သလို ထင်ရပေမဲ့ နာမည်တပ် ခေါ်ရာမှာတော့ ထော်လော်ကန့်လန့် နိုင်သည်။
အထူးသဖြင့် အရာရှိ စစ်သည် ဇနီးများ၏ အမည်ကို ခေါ်ရာတွင် ထူးဆန်းနေသည်။ ဥပမာ.. ဗိုလ်ကြီးအောင်ကျော်ဦး၏ဇနီး မမြင့်မြင့်ဝေ ကို မမြင့်မြင့်ဝေလို့ နာမည်မခေါ်ဘဲ " မအောင်ကျော်ဦး" လို့ ခေါ်လိုက်ပါသည်။
နိုင်ငံကြီးသားများ ခေါ်ဝေါ်သုံးစွဲကြသော " မစ္စတာ ကလင်တန်" "မစ္စ ကလင်တန်" ပုံစံမျိုးနှင့်ပင် ဆင်တူနေသေးတော့သည်။ အရာရှိ ဇနီးများကို တွေ့၍ နှုတ်ဆက်ပုံက...
" မစောမောင်တို့ မခင်မောင်စန်းတို့ မခင်မောင်ဝင်းတို့ မမောင်မောင် သန်းတို့ မသုခတို့ လာကြ လာကြ ထိုင်ကြကွဲ့"
လုံမလေးတို့ ထိုင်ကြဆို တော်ပြီပေါ့။ ခုလိုနာမည်တပ် ခေါ်လိုက်တော့ ကျွန်တော်တို့ နားထဲ အဝင်ဆိုးလှသည်။ နာမည်ခေါ်သံကြားတိုင်း ရင်တွေ ယားသလို တင်တွေယားသလို နွဲ့ပဲနွဲ့ရတော့မလို ဖြစ်သွားသည်။
သို့သော် ကြာတော့လည်း သူ့ဟာနှင့်သူ နားလည်ကြသည်။ အဆင် ပြေသွားကြပါသည်။
တပ်ရင်းမှူးမှာ ဇနီးက မရှိလေတော့ သူ့နာမည်ရှေ့က မ တပ်ခေါ်စရာ မလိုတာလည်း ပါမည်ထင်ပါသည်။
×××××
တပ်ရင်းဆန္ဒဖော်ထုတ်ပွဲ အခန်းအနား အောင်မြင်စွာ ပြီးစီးသွားပါပြီ။ အခန်းအနား တစ်ခု ပြီးသည်နှင့် ရေခွက် ဓါတ်ဘူး လက်သုတ်ပဝါ စသည့် အသုံးအဆောင်များကို ဘီရိုအတွင်း စနစ်တကျ ပြန်သိမ်းကြရသည်။ ဆရာ ချမှတ်ထားသော စည်းကမ်းများထဲက တစ်ချက်ဖြစ်သည်။
ဒီနေ့မှာတော့ အခြားအရေးကြီးအလုပ်တွေက ပေါ်လာသည့်အတွက် ရိပ်သာမှ ဆရာသာခင်နှင့်အဖွဲ့ကို တစ်နေရာ ခိုင်းလိုက်မိလို့ ပစ္စည်းများ သိမ်:ရန် မမှာကြားခဲ့ရ။ ဆရာလိုက်မကြည့်ခင်တော့ သိမ်းဆည်းဖို့ မှီလောက်ပါ တယ်လေဟု တွေးမိသည်။
" တပ်ထောက်ဗိုလ်ကြီးနဲ့ တပ်ရေးဗိုလ်ကြီးကို တပ်ရင်းမှူးခေါ်ပါတယ်"
လာပြောသောဆက်သားကို ဆရာဘယ်မှာလဲဟု တီးခေါက်ကြည့်တော့ ခန်းမဖက်သွားသည်ဆိုတာနှင့် သဘောပေါက် သွားလေပြီ။ မျက်ခုံးပင်ခပ်လှုပ်လှုပ် ဖြစ်သွားသည်။
တပ်ရေးဗိုလ်ကြီးကို ဝင်ခေပြီး ခန်းမဆီသို့ ခပ်သုတ်သုတ် လှမ်းခဲ့ကြသည်။ ထင်ထားသည့်အတိုင်း..
" လာကြ.. လူလေးတို့..ဒီမှာပစ္စည်းတွေ မသိမ်းရသေးဘူးကွဲ့"
စားပွဲပေါ်တွင် ဓါတ်ဘူးနှစ်ဘူးနှင့် ခွက်များ။
" ဟုတ်ကဲ့.. တပ်ရင်းမှူး.. ကျွန်တော်လည်း ဆရာသာခင်တို့ ရိပ်သာ အဖွဲ့ကို အလုပ်တစ်ခု ခိုင်းလိုက်မိလို့ မေ့သွားတာပါ၊ အခုသိမ်းလိုက်ပါ့မယ်"
ရေပက်မဝင်အောင်ပြောပြီး စားပွဲပေါ်က ဓါတ်ဘူးကို လှမ်းယူမည်အလုပ်..
" ငယ်ငယ်ရွယ်ရွယ်နဲ့ မေ့တတ်ကြတာပဲ၊ တပ်မတော်မှာ အသေးအဖွဲဆိုတာ မရှိဘူး လူလေးတို့၊ ခုလို မေ့သွားရင် ပစ္စည်းတွေ ပျက်စီးကုန်မှာပေါ့.. ဒီတော့..လူလေးတို့နှစ်ယောက်က ဓါတ်ဘူးတွေကို ကိုယ်တိုင်သိမ်းတော့မှ မှတ်မိသွားလိမ့်မယ်"
နားအေးရင်ပြီးရောဆိုသည့် ပုံစံနှင့် ကျွန်တော်တို့ နှစ်ယောက် စားပွဲဆီ ထွက်လာခဲ့သည်။
" စစ်တပ်မှာတော့ အရာအားလုံး စစ်ရေးပြအတိုင်း လုပ်ကြရတယ်၊ ဒါကြောင့်.. လူလေးတို့.. ဓါတ်ဘူးနောက် အပြေး..ရပ်"
ကျွန်တော်တို့နှစ်ယောက် ဓါတ်ဘူးဆီ အပြေးသွားလိုက်ကြသည်။
စစ်တက္ကသိုလ်မှာ နည်းပြဆရာ လုပ်ခဲ့ဖူးသည့် ပိုးတွေကများ ထကြွလာလေသလား၊ စစ်ရေးပြတစ်ခုကို အမှတ်စဥ် အသေးစိတ်နှင့် လေ့ကျင့်နေသည့်အလား အောင်မြင်သော စစ်မိန့်သံကြီး ထွက်ပေါ်လာပါတော့သည်။
" ဓါတ်ဘူးသယ်ရန် အမှတ်စဥ်..တစ်"
" တစ်"
ရှေ့ကသွားတော့ နောက်ကပါရပြီပေါ့။ ပါးစပ်ကလည်းအော် လက်ကလည်း ဓါတ်ဘူးကို ကိုင်လိုက်ကြသည်။
" အမှတ်စဥ်..နှစ်"
" နှစ်"
ဓါတ်ဘူးအား မလိုက်ကြသည်။
" အမှတ်စဥ်..သုံး"
" သုံး"
ဓါတ်ဘူးအား ရင်ဘတ်ရှေ့တွင်ထားကာ ဘယ်ညာမှန်မှန်နှင့် ဘီရိုရှိရာ သို့ ချီတက်လာပြီး ဘီရိုအတွင်း ထည့်လိုက်ကြသည်။
" ဘယ်ညာ..ဘယ်ညာ"
ဆရာပေးလိုက်သော သင်ခန်းစာလေးက ကြောင်တောင်တောင်ဟု ထင်ရသော်လည်း တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် နေရာတစ် လျောက် ယခုကဲ့သို့ ပစ္စည်းများ သိမ်းဆည်းထားမှု မရှိသည်ကို တွေ့ရလေ တိုင်း ဆရာ့ကို သတိရသွားပြီး ဆရာခိုင်းခဲ့သလို ပြန်ပြီး လုပ်ကြည့်ချင် စိတ်များ ပေါ်လာပါတော့သည်။