မာရှယ်လောက ကြောက်စရာကောင်းလားလို့ မေးလာရင် တကယ်ပီပီပြင်ပြင်သာ ကျင့်သုံးရင် ကြောက်စရာကောင်းပါတယ်လို့ပဲ ပြန်ဖြေရပါလိမ့်မယ်။ မာရှယ်လော ကျင့်သုံးခွင့်ပေးထားတဲ့ နယ်မြေတွေမှာ ဥပဒေလမ်းကြောင်းအရ ကြည့်မယ်ဆိုရင်လည်း အခြေခံဥပဒေကို ပလပ်ထားတယ်လို့ ဆိုလို့ရပါတယ်။ ဆိုလိုတာက အခြေခံဥပဒေမှာ နိုင်ငံသားတစ်ယောက်အခွင့်အရေးဆိုတဲ့ အချက်တွေ ပြဋ္ဌာန်းထားသည့်တိုင်အောင် မာရှယ်လော ကျင့်သုံးတဲ့မြို့နယ်တွေမှာ နိုင်ငံသားအခွင့်အရေးလုံးဝ ဆုံးရှုံး သွားတဲ့အထိ အခြေခံဥပဒေကို ဘေးဖယ်ထားခြင်းခံရမှာဖြစ်ပါတယ်။
တာဝန်ပေးအပ်ချိန်ကစလို့ တာဝန်ပေးအပ်ခြင်းခံရသူဆီမှာသာ အမိန့်အာဏာလုံးဝ တည်တာဖြစ်သလို အချိန်အခါနဲ့အခြေအနေလိုအပ်ချက်အရ လိုအပ်တဲ့ အမိန့်နဲ့ ကြေညာချက်တွေကိုလည်း လိုအပ်သလို ကျင့်သုံးပိုင်ခွင့်ပေးအပ်ထားတာဖြစ်ပါတယ်။ တည့်တည့်ပြောရရင် စိတ်စေတနာအမှန်နဲ့ ယုံကြည်ချက်အတိုင်း ဆောင်ရွက်ခဲ့ရာမှာ မှားယွင်းမှုဖြစ်ခဲ့သည့်တိုင်အောင် ခွင့်လွှတ်ပေးရမည် ဆိုတဲ့ အတိုင်းအတာအထိ ပြဋ္ဌာန်းထားတာ တွေ့ရမှာဖြစ်ပါတယ်။ မာရှယ်လော ကျင့်သုံးခဲ့ချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး နစ်နာခဲ့မှုတွေရှိခဲ့ရင်လည်း အစိုးရထံအာဏာလွှဲပြောင်ပေးအပ်ချိန်မှာ အမှုဖွင့် တိုင်တန်းခွင့်နဲ့ စုံစမ်းစစ်ဆေးခွင့် ရှိမှာမဟုတ်ပါဘူး။
မျက်စိထဲ မြင်အောင် ပြောရရင် ခုလက်ရှိ စစ်ကိုင်းတိုင်းလိုနေရာမျိုးမှာ PDF နဲ့ တပ်မတော်သားတွေတိုက်ပွဲဖြစ်ပွားချိန် တပ်မတော်ကို စစ်ရာဇဝတ်မှုလမ်းကြောင်းအရ တဖက်လှည့်နဲ့ စွပ်စွဲကောင်းစွပ်စွဲရနိုင်ပေမယ့် စစ်အုပ်ချုပ်ရေးကျင့်သုံးလိုက်ချိန်မှာတော့ လုံးလုံးလျားလျား အဲ့အချက်တွေကို ပြောလို့ရမှာမဟုတ်တော့ပါဘူး။ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေအရ ဥပမာ ညမထွက်ရ အမိန့်တွေကြောင့် ပစ်ခတ်မှု၊သေဆုံးမှု ဖြစ်ခဲ့ရင်လည်း တပ်မတော်သားတွေဟာ ပြစ်မှုလမ်းကြောင်းအရ ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။
စစ်ခုံရုံးနဲ့ ဆုံးဖြတ်မယ့် ကိစ္စတွေထဲမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အီလက်ထရောနစ် ဥပဒေအထိပါ ထည့်သွင်းထားတာဖြစ်လို့ လူမှုကွန်ယက်တွေမှာ ရေးသားတဲ့ စကားလုံးတွေကအစ အကြုံးဝင်မှာဖြစ်ပါတယ်။ ဥပမာ အီလက်ထရောနစ် ဥပဒေ အရ လူမှုကွန်ယက်တွေပေါ်ကနေ NUG ကိုထောက်ခံတာ၊ နိုင်ငံတော်စီမ့အုပ်ချုပ်ရေးကောင်စီ နဲ့ အစိုးရရဲ့အုပ်ချုပ်ရေးယန္တယားအဖွဲ့အစည်းကို ဝေဖန်တာမျိုးလုပ်ရင် တခြားမြို့နယ်တွေမှာ ကျူးလွန်တဲ့သူဖြစ်ရင် ထောင်ဒဏ် ၇ နှစ်နဲ့ ၁၅ နှစ်ကြားမှာ အယူခံတင်သွင်းခွင့်နဲ့ ပြစ်ဒဏ်လျော့ပေါ့ပေးခြင်းဆိုတာတွေ ခံစားရကောင်း ခံစားရနိုင်ပေမယ့် လက်ရှိ မာရှယ်လော ကြေငြာထားတဲ့ မြို့နယ်တွေထဲက ဖြစ်ရင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် (၁၅)နှစ်ကိုပဲ ချမှတ်မှာဖြစ်ပြီး အယူခံဝင်ခွင့်ရရှိမှာလည်း မဟုတ်ပါဘူး။