အစိမ်းရောင်မပြယ်လွင့်ကုန်သော
အပိုင်း ၃
“ကဲ… ကိုယ်တော်တို၊ ဦးဇင်း ရှေ့ကနေရွတ်ဖတ်ပေးတဲ့ပါဠိတော်တွေကို ဋ္ဌာန်ကရိုဏ်းကျကျနဲ့ ပီပီသသလိုက်ဆိုပါ”
“တင်ပါ့ဘုရား”
ကျောင်းထိုင်ဆရာတော်က ပါဠိတော်များကို ရှေ့ကတိုင်ပေးရင်း သရဏဂုံသုံးပါးရွတ်ဆိုရမည့် နေရာရောက်လာသည်။
“ဗုဒ်ဓံ… သရဏံ… ဂစ်ဆာမိ…”
ကိုရင်ကြီးငါးပါးမှာ ဋ္ဌာန်ကရိုဏ်းကျကျလိုက်ဆိုကြသည်။
“ဗုဒ်ဓံ… သရဏံ… ဂစ်ဆာမိ…”
ဆရာတော်က နောက်တစ်ခွန်း ထပ်တိုင်ပေးပြန်သည်။
“ဒုတိယမ္ပိ… ဗုဒ္ဓံ… သရဏံ…” ဟူ၍အစချီနေတုန်း ဂစ္ဆာပင်မမိရသေး၊ နောက်ကနေ ထက်ကြပ်မကွာလိုက်လာသည့် အသံတစ်သံက စူးရှစွာထွက်ပေါ်လာသည်။
“တတိယမ်ပိ… ဗုဒ်ဓံ… သရဏံ… ဂစျ… ဆာ… မိ…”
“ဟာ…”
အသံပိုင်ရှင်ကား အကြွေးကျေသွားသူ ကိုရင်ကြီးအေးထွန်းပင်။
“ဟေ့ ဟေ့… ဟိုကိုယ်တော်၊ ဘာတွေလိုက်ဆိုနေတာတုံး၊ သေချာလဲနားမထောင်ဘူး။ ခက်တာပဲ… ပြန်စမယ် ပြန်စမယ်”
ဆရာတော်ကပြောတော့ တလွဲထဆိုသော ကိုရင်ကြီးအေးထွန်းက ပြုံးစိစိဖြင့် ပြန်ပြောပြန် သည်။
“ဆောရီး… အဲ… အမှားပြင်ပါဘုရား၊ ကန်တော့… ကန်တော့ပါဘုရား ဟီး…”
ဆရာတော်များပါ ပြုံးစိစိဖြစ်ကုန်ကြပြီး အစကပြန်စကြရတော့သည်။
“ကဲ… ကိုယ်တော်တို ခုအချိန်ကစပြီး ဒုလ္လဘရဟန်းဘဝရောက်သွားပြီ၊ ရဟန်းတို စောင့်ထိန်းရမဲ့သိက္ခာပုဒ်တွေနဲ့အညီ နေထိုင်ကြပါ၊ အချိန်ရရင်ရသလို တရားဘာဝနာအားထုတ်ကြပါ၊ ဘုရားကန်တော့ပြီး သွားလိုရပြီ’’
ဆရာတော်က ဘုရားကန်တော့ပြီး သွားလိုရပြီဆိုသည့်အခါ ဘယ်အချိန်ကတည်းက အပြင်ထွက်ချင်နေမှန်းမသိသော ဦးဇင်းအေးထွန်းက အရင်ဆုံး ဦးကုန်းချသည်။
‘‘ဂလုန်း… ဂလုန်း… ဂလောင်… ဂလောင်… ဒေါင်’’
“ဟာ… ကိုယ်တော်…”
‘‘ဟာ . . . ဘယ်လိုတွေဖြစ်နေတာလဲ ဒီဦးဇင်းတော့ . . . ’’
သိမ်အတွင်း အသံဗလံများဆူညံသွားသည်။ ဘာတွေဖြစ်ကုန်ပြီလဲဟု လာကြည့်သော တပ်ရင်းမှူး၏မျက်နှာကိုပါ သိမ်ပြတင်းပေါက်နားတွင်တွေ့လိုက်ရသည်။
ဖြစ်ပုံက နေရာကျဉ်းသော သိမ်အတွင်း ဖယောင်းတိုင်မီးလဲ့လဲ့လေးသာရှိသဖြင့် ဘုရားကိုကန်တော့လိုက်သော ဦးဇင်းအေးထွန်းမှာ သူ့ရှေ့တွင်ထားသော သပိတ်များကိုမမြင်ဘဲ နဖူးဖြင့်ပေါက်ချသလိုဖြစ်ကာ သပိတ်များပြုတ်ကျကုန်ခြင်းဖြစ်တော့သည်။ သူကတော့ ဘာမှမဖြစ်သလို ပြုံးစိစိဖြင့်သာ။
နေဇင် (ပေါက်ခေါင်း)