အသည်းရောင်အသားဝါ စီပိုး- HCV

အသည်းရောင်အသားဝါ စီပိုးဆိုသည်မှာ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး ကူးစက်ရောဂါများတွင် တစ်ခုအပါအဝင်
ဖြစ်ပါတယ်။

အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရသူ အများစုသည် နာတာရှည်အသည်းရောဂါ ဖြစ်ပွားနိုင်ပြီး နာတာရှည်အသည်းရောင်မှုကြောင့်
အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာများ ဖြစ်ပွား၍ အသက်ဆုံးရှုံးမှုအထိ ဖြစ်ပေါ်နိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ တစ်နှစ်လျှင် အသည်းရောင်အသားဝါစီပိုးရောဂါကြောင့် သေဆုံးသူ သုံးသိန်းငါးသောင်းခန့် ရှိတယ်လို့
သိရပါတယ်။

ရောဂါလက္ခဏာများ
အသည်းရောင် အသားဝါစီပိုးမှာ ဖြစ်ပွားကာစတွင် ရောဂါလက္ခဏာမပြသဖြင့် မိမိခန္ဓာကိုယ်အတွင်းသို့ ဝင်မှန်းမသိဘဲ အသည်းခြောက်၊
အသည်းကင်ဆာဖြစ်မှ သိတတ်ပါတယ်။ အသည်းရောင်ပါက ဆီးဝါခြင်း၊ မျက်လုံးဝါခြင်း၊ အသားဝါခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်
ပျက်ခြင်း၊ ညာဘက်နံစောင်းအောင့်ခြင်းတို့ ဖြစ်တတ်ပါတယ်။ အသည်းရောင်အသားဝါ စီပိုးသည် အသည်းအပြင် အခြားကိုယ်တွင်းအင်္ဂါ
အချို့ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဥပမာ- သွေးချို၊ ဆီးချိုရောဂါဖြစ်ခြင်း၊ ကျောက်ကပ်ရောဂါ ဖြစ်ပွားခြင်းတို့ ဖြစ်ပါတယ်။

အသည်းရောင် အသားဝါစီပိုး ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့
– အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း။
– ရောဂါပိုးရှိသူ အသုံးပြုထားသော ဆေးထိုးအပ်ကို ထပ်မံအသုံးပြုခြင်း(သို့မဟုတ်) မတော်တဆ အပ်စူးမိခြင်း။
– ဆေးမင်ကြောင်ထိုးခြင်း၊ အရေးပြားဖောက်၍ အလှဆင်ကွင်းများတတ်ခြင်း၊ အပ်စိုက်ကုသခြင်း။
– ရောဂါပိုးရှိသူ အသုံးပြုထားသော သွားပွတ်တံ၊ မုတ်ဆိတ်ရိတ် ပစ္စည်းများကို အသုံးပြုမိခြင်း။
– သန့်ရှင်းမှုအားနည်းသော ရောဂါပိုးရှိသည့် ခွဲစိတ်ခန်းသုံး ပစ္စည်းများ၊ သွားဆေးကုပစ္စည်းများအား အသုံးပြုမိခြင်း။
– ရောဂါပိုးရှိသော သွေးသွင်းမိခြင်း။
– ရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့ ကူးစက်ခြင်း။
– ကျန်းမာရေးဝန်ထမ်းများသည်လည်း မသန့်ရှင်းသော ဆေးထိုးအပ်စူးမိခြင်း၊ သွေးနှင့် ထိတွေ့ခြင်းတို့မှ ကူးစက်နိုင်ပါတယ်။

အသည်းရောင်အသားဝါစီပိုးသည် မိခင်နို့မှ ကူးစက်နိုင်ကြောင်း သက်သေအထောက်အထား မရှိသေးသော်လည်း အသည်းရောင်
အသားဝါစီပိုးရှိသော မိခင်၏ နို့သီးခေါင်းတွင် အနာရှိပါက ကလေးကို နို့တိုက်ရန် မသင့်ပါ။

အသည်းရောင်အသားဝါစီပိုးရှိသူ၏ မိသားစုဝင်များသည် သက်ဆိုင်ရာဝန်နှင့် ပြသတိုင်ပင်၍ စီပိုး ရှိ/မရှိ စစ်ဆေးသင့်ပါတယ်။

ကာကွယ်ရန် နည်းလမ်းများ
– မသန့်ရှင်းသော ဆေးထိုးအပ် သုံးခြင်း၊ မလိုအပ်ဘဲ သွေးသွင်းခြင်းများကို ရှောင်ပါ။
– လိင်ဆက်ဆံစဉ် ကွန်ဒုံး အသုံးပြုပါ။

အသည်းရောင်အသားဝါ စီပိုး ရှိ/မရှိ စမ်းသပ်နည်းများ
အသည်းရောင်အသားဝါ စီပိုးသည် ရောဂါလက္ခဏာမပြဘဲ နောက်ကျမှ သိတတ်သဖြင့် သွေးစစ်ရန် အရေးကြီးပါတယ်။ သွေးတွင်း၌
အသည်းရောင်အသားဝါ စီပိုးအား တုံ့ပြန်ရန် ခန္ဓာကိုယ်မှထုတ်သော ပဋိပစ္စည်းစစ်ဆေးခြင်း (HCV antibodies) ဖြစ်ပါတယ်။ ၎င်း
စစ်ဆေးခြင်းမှာ ပိုးဝင်ခဲ့ဖူးလျှင် ပဋိပစ္စည်းတွေ့နိုင်ပြီး ယခုပိုး ရှိ/မရှိ ပြန်လည်စစ်ဆေးရန် ပိုးအား တိုက်ရိုက်ရှာဖွေသောနည်း (Nucleic
Acid Amplification Test, PCR RNA)ဖြင့် သေချာစေရန် ပြန်လည်စစ်ဆေးရပါတယ်။

မိမိတွင် အသည်းရောင်အသားဝါစီပိုး ရှိနေလျှင်
နားလည်တတ်ကျွမ်းသော အသည်းဆရာဝန်ကြီးများနှင့် ပြသပါ။
အသည်းရောင်စီပိုးသည် ခန္ဓာကိုယ်အတွင်းမှ ပျောက်ကင်းသွားအောင် ကုသနိုင်ခြေရှိပါတယ်။
အသည်းရောင်အသားဝါစီပိုး ကုသသော ဆေးများနှင့် ကိုယ်ခံစွမ်းအားစနစ် မြှင့်တင်ပေးသော ဆေးများ ရှိပါတယ်။
ဆေးသောက်၊ ဆေးထိုးရာတွင် ရောဂါအနေအထားနှင့် ပိုးအမျိုးအစားပေါ် မူတည်ပြီး အနည်းဆုံး ၂၄ ပတ်မှ ၄၈ ပတ်အထိ ကုသရန်
လိုအပ်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲ ရောဂါများကိုလည်း ကုသရန် လိုပါတယ်။

အသားရောင်အသားဝါစီပိုး ကာကွယ်ဆေး မရှိပါသဖြင့် ကူးစက်နိုင်သော နည်းလမ်းများကို အမြဲသတိပြုပြီး ကြိုတင်ကာကွယ်ရန် အလွန်
အရေးကြီးကြောင်း ရေးသားဖော်ပြပေးလိုက်ပါတယ်။