အဝေးရောက်သားရဲ့ဆန္ဒငယ်

တစ်ထစ်ချင်းသတိဖြင့်နင်းနေသည့်တိုင်
ဝါးလှေကားဆီက မြည်သံများတကျွီကျွီကြားနေရသည်။
ခပ်သည်းသည်းရွာချနေသည့်မိုးစက်များကြောင့် တစ်ကိုယ်လုံးရွဲလို့။ ဝါးလှေကားပေါ်အားထည့်နင်းထားသည့် ဖိနပ်ဦးထိပ်မှ မိုးရေစက်တို့တသွင်သွင်။
စစ်သားကြီးလက်မောင်းကိုခပ်တင်းတင်းဆုပ်ကိုင်ထားသော ပိန်လှီ သေးကွေးလှသည့် လက်တစ်စုံကိုငေးရင်း ရင်ထဲကျင်သွားမိ။
သြော်…ကျွန်တော်က ရွေးချယ်ခွင့်မဲ့ အညတရ စစ်သားတစ်ယောက်ပါအမေ။
‘‘နယုန် လှမ်းလိုက်တော့ ပေးငါ့ကို’’
အသက်ကယ်လှေပေါ်ကမင်းသန့်က
ဝါးလှေကားနားလှေကို ကပ်အောင်ကြိုးစားရင်း လက်ကမ်း ပေးတယ်။
ပိန်ပိန်သေးသေးဆိုပေမယ့် ပွေ့ချီထားရတာကြာပြီဆိုတော့ လက်အံကသေချင်နေပြီ။ ခပ်သွက်သွက်ပဲ လက်လွဲပေးလိုက်စဉ် အရိုးပေါ်အရည်တင်နေတဲ့ အေးစက်စက်လက်တစ်စုံက စစ်သားကြီးလက်တွေကို လှမ်းဆွဲထားတာခံလိုက်ရရဲ့။
သူ့မျက်နှာကို ငဲ့ကြည့်မိတော့ အမေအို မျက်ဝန်း တွေထဲမှာ မျက်ရည်လား မိုးရေလား ဝိုးတဝါး။ သေချာတာကတော့ အမေအိုနှုတ်ခမ်းများ ထင်ထင်ရှားရှား တွန့်ကွေးသွားကြရဲ့ ဒါ အပြုံးဆိုတာများလားအမေ။
‘‘ကျေးဇူးပါသားရယ်’’
ရင်ထဲနွေးခနဲခံစားသွားမိ။ ခံစားချက်တို့စာမဖွဲ့တတ်ပါသော စစ်သားကြီးတစ်ယောက်ပါအမေ။ စကားနည်းပြီး အပြုံးလည်းနည်းတတ်ပါတဲ့ အညတရစစ်သားတစ်ယောက်ပါ၊
ဒါပေမယ့် အမေရယ် ခံစားချက်တွေကို နားလည်တုန့်ပြန်နိုင်တဲ့ နွေးထွေးတဲ့နှလုံးသားကို ပိုင်ဆိုင်ထားတဲ့စစ်သားတစ်ယောက်မို့ အေးစက်စက်မိုးရေထဲ နာရီများစွာလှုပ်ရှားထားလို့ ထုံကျင်နေခဲ့တောင်
‘‘သားရယ်’’ဆိုတဲ့စကားတစ်ခွန်းအောက်မှာ ပင်ပန်းသမျှ ပြေပျောက်ခဲ့ရတယ်။ ကျွန်တော်က မေတ္တာငတ်နေတဲ့ အဝေးရောက်သားတစ်ယောက်မဟုတ်လား အမေရယ်။
‘‘အပေါ်မှာကျန်သေးလား‘‘
‘‘မကျန်တော့ဘူးသားကြီး သေချာအောင်ငါတစ်ခေါက်တက်ကြည့်ခဲ့မယ်’’
‘‘အေး မင်းတို့ထမင်းစားခဏနားလို့ရပြီတဲ့’’
မိုးစက်များအမိုးကိုရိုက်ခတ်သံကြောင့် ဆူညံနေသော်လည်း ယာယီတဲငယ်လေးထဲတွင် တိတ်ဆိတ် ခြင်းတို့ ကြီးစိုးဆဲ။ ဘာကြောင့်၊ ဘယ်လိုမေးခွန်းများကို စိတ်မဝင်စားကြပါသော စစ်သားများအတွက် အေးစက်မာကျောလှသော ထမင်းကြမ်းများကို ဘာဟင်းနဲ့ဘယ်လောက်စားကြမယ်ဆိုတာကိုမှ စိတ်မဝင်စားကြ။ စားပြီးဆက်လုပ်ရမည့်လုပ်ငန်းစဉ်များကိုသာ စိတ်တွက်တွက်နေရင်း သွက်သွက်လေးသာ လွေးရှာကြတော့ သြော်စစ်သားများထမင်းစားခြင်းသည် ပြည်သူတို့ကိုကာကွယ်ဖို့ ၊ စောင့်ရှောက်ဖို့ ၊ ကယ်တင်ဖို့အတွက် လိုအပ်ပါသောခွန်အားများကို ဖြည့်တင်းခြင်းမျှသာတည်း။
‘‘ရွေကျင်’’
ရေကြီး၊ ရေလျှံကာ နေအိမ်များရေမြုပ်သွားသည့်ဒေသများသို့ ကူညီကယ်ဆယ်ရေး ရောက်လာကြခြင်းဖြစ်သည်။
ရောက်စက ကုန်းပိုင်းအိမ်မြင့်မြင့်များပေါ်တွင် စုပေါင်းနေထိုင်၍ ရေလွတ်သေးသော်လည်း ညတွင်းချင်းတက်သောရေကြောင့်တပ်မတော်သားများက ဒေသခံပြည်သူများကို ညတွင်းချင်း ရေလွတ်ရာသို့ ရွေ့ပြောင်းပို့ဆောင်ပေးရသည်။
ယမန်နေ့ကပင် တစ်ရေးမှမှေးစက်မအိပ်ရသေးပဲ မိုးစင်စင်လင်းသည့်တိုင် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခဲ့ရပြန်သည်။ တော်ပေသေးသည် စစ်သည်များ မအိပ်ရသော်လည်း တစ်ရွာလုံးအသေအပျောက်ကင်းစွာ ကူညီကယ်ဆယ်ပေးနိုင်ခဲ့ပြီမဟုတ်ပါလား။
ထိရောက်စွာကူညီနိုင်ခဲ့သဖြင့် စစ်သည်အားလုံး လန်းဆန်းတက်ကြွနေကြသည်။ ဒီလိုပါပဲအမေရယ် ကျွန်တော်တို့က စစ်သားမဟုတ်လား အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရရင်နေပါစေ
မသေရုံအိပ်၊ မသေရုံစားပြီး ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို စောင့်ရှောက်ကာကွယ်ပေးချင်မိပါရဲ့။မအိပ်ရလို့ဘာမှမဖြစ်ပါဘူး ကျွန်တော်တို့က စစ်သားလေ။
‘‘အစ်ကို ကိုနယုန်ဆိုတာ အစ်ကိုလားခင်ဗျာ’’
ဖော်ရွေသိမ်မွေ့သော လူရွယ်လေးတစ်ယောက်
နယုန်ထမင်းစားနေရာသို့ ချည်းကပ်လာရင်း မေးသည်မို့ ထမင်းလုတ်ဖြင့်ပြည့်နေသော နှုတ်ခမ်းတို့ မဖွင့်ဟအား ခေါင်းသာအသာဆက်ပြရင်း ဆက်ပြောလာမည့်စကားတို့ကို ငံ့လင့်နေလိုက်၏။
ရင်ထဲမှလည်း တစ်ချက်ချီးကျူးလိုက်မိ၏။ လူအများ တို့သည် သာမန်စစ်သားတစ်ဦး ပုခုံးထက်မှာ အပွင့်အခက်မရှိလျှင် ‘ကို’တပ်ခေါ်ဖို့ ဝန်လေးကြရဲ့ မဟုတ်လား။ ကိုယ့်လို ဘက်အောက်မှာ အရစ်မရှိသည့် စစ်သားကြီးတစ်ယောက်ကို တော်ရုံဖြင့် ‘ကို’တပ်မခေါ်ချင်ကြသည့် အညတရစစ်သားတစ်ယောက်ကို သူကအစ်ကိုဟုခေါ်လာသောအခါ သိတတ်ပါလေ၏ဟု ကျေနပ်မိရပါသည်။
သို့သော် အညတရစစ်သားဘဝမှာ ပညတ်များကို အရေးမလုပ်ခဲ့သည်ချည်းသာလေ။
‘‘ကျွန်တော်က အစောကအစ်ကိုကယ်ခဲ့တဲ့ အမေကြီးရဲ့သားပါ ကျေးဇူးတင်စကားလာပြော တာပါ’’
စစ်သားကြီးက နားလည်စွာတစ်ချက်ခေါင်းငြိမ့်
ပြလိုက်ရင်း မလိုပါဘူးဟု အဓိပ္ပါယ်ရသော
အမူအယာဖြင့် လက်ကာပြသည်။
တကယ်လည်းမလိုအပ်ပါဘူးအမေရယ်
ကျွန်တော်တို့စစ်သားဘဝဆိုတာ ကိုယ့်အသက်၊ ခန္ဓာ၊ လွတ်လပ်ခွင့် ၊ မျှော်လင့်ခွင့် ၊ ပျော်ရွင်ခွင့် ၊ ဆုံးဖြတ်ခွင့် အိုး အားလုံးပါအမေရယ် ကျွန်တော်တို့စစ်သားဘဝရဲ့ အရာရာအားလုံးကို ပြည်သူတွေအတွက်စတေးပေးအပ်ထားရတာ အမေ အသိဆုံးပဲမဟုတ်လား။
ကျေးဇူးအတင်ခံဖို့ ကျွန်တော်တို့ ဒါတွေ ပေးဆပ်ခဲ့ကြတာမှ မဟုတ်တာ။ ဒါပေမယ့် အမေရယ် အမုန်းစကားတွေမဆိုကြရင်ဖြင့် လောကကြီးပိုလှသွားမည်ထင်မိရဲ့။
——
-တေဇလွမ်း
အပိုင်း ၂ မျှော်…
ထပ်ဆင့်ဖော်ပြသည်